မကွေးသတင်းအညာမြေ တော်လှန်ရေး

မကွေးဖက်ဒရယ်ယူနစ် အစိုးရ ဒု-ဝန်ကြီးချုပ်၊ ဝန်ကြီး ခြောက်ဦးနဲ့ ရှေ့နေချုပ်တို့ကို ခန့်အပ်၊

လွှတ်တော်က ကန့်ကွက်လို့ လူသားစာနာနဲ့ ပြန်ကြားရေးတို့အတွက် ဝန်ကြီးနှစ်ဦး အတည်မပြုနိုင်သေး၊

အီသာရမ်/MFP ၊ မတ်-၁၂

မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဒုတိယ ဝန်ကြီးချုပ်၊ ဝန်ကြီး ခြောက်ဦးနဲ့ ရှေ့နေချုပ်တို့ကို မတ်လ ၁၂ရက် ဒီကနေ့မှာ အတည်ပြု ခန့်အပ်လိုက်တယ်လို့ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော် က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၂ ရက် ဒီကနေ့ ကျင်းပတဲ့ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မကွေးဖက်ဒရယ်ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော် တင်သွင်းလာတဲ့ ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ စီမံဘဏ္ဏာ ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရှေ့နေ့ချုပ်တို့ကို မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ ဒုတိယဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးလက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကိုလတ်၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သူရ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမိုးမင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအောင်ဝင်း(ခ) ဦးဆလိုင်းနဲ့ ရှေ့နေချုပ် ဒေါ်မေရီ    တို့က တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ရှစ်ခုနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ (လူသားစာန) ဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အတွက် တင်သွင်းလာတဲ့ ဝန်ကြီး နှစ်ဦးကို လွှတ်တော်မှာ ကန့်ကွက်သူ ရှိတာကြောင့် အတည်မပြုနိုင်သေးတာ ဖြစ်တယ်လို့ မကွေး ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက MFP ကို ပြောပါတယ်။

“ကန့်ကွက်တဲ့သူ ရှိလို့ လက်မခံနိုင်ဘူးဆိုရင်တော့ ထပ်ပြီး ပြောရဦးမှ‌ပေါ့၊ (မကွေးဖက်ဒရယ်ယူနစ် ကြာကာလ အစီအမံဆိုင်ရာ ဥပဒေ) အစီအမံမှာ ဝန်ကြီးတစ်ယောက် ဖြစ်ရမဲ့ အရည်အချင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးလို့ ငြိစွန်းလို့ ရှိရင်တော့ ပယ်ရမှာပေါ့၊ သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ မငြိစွန်းဘဲ ပယ်တယ်ဆိုရင်တော့ အဲဒါက ပြဿနာတော့ ရှိတာပေါ့နော်”

မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်မဲ့ ဝန်ကြီးချုပ်၊ ဒု-ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ချင်းတိုင်းရင်းသားများ အစုအဖွဲ့၊ တောင်သားနဲ့ယောလူမျိုးများ အစုအဖွဲ့၊ သမဂ္ဂများ၊ အမျိုးသမီးများနဲ့လူငယ်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ အစုအဖွဲ့၊ CDM နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့နဲ့ ခုခံတွန်းလှန်ရေး အဖွဲ့များက ထောက်ခံ အဆိုပြုတဲ့ ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ရွေးချယ်တင်မြောက်ခဲ့ကြတာ ဖြစ်ပြီး လွှတ်တော်က အတည်ပြု ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ဝင်တွေ ခန့်အပ်တဲ့ ယူနစ်လွှတ်တော် အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးဒေသတွင်း တော်လှန်ရေးတပ်တွေက မြို့လုံးကျွတ်၊ နယ်လုံးကျွတ် သိမ်းပိုက်ထားတာ မရှိပေမဲ့ နေရာ၊ဒေသတချို့ကို စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

မကွေး ဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော်မှာ အစိုးရအဖွဲ့ အတည်ပြု ခန့်အပ်နေစဉ်/Photo – YHZ FB, မကွေးယူနစ်လွှတ်တော်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ယူနစ်အစိုးရ #ဝန်ကြီး

Related Articles

Back to top button