စစ်အုပ်စုက လွှတ်တော် ခေါ်ပြီး ရာထူးနေရာတွေ ခွဲဝေသတ်မှတ်ပေး၊
CRPH လွှတ်တော်မှာလည်း စစ်အုပ်စုရဲ့ အတုအယောင် လွှတ်တော်ကို နိုင်ငံတကာ အသိအမှတ် မပြုရေးအဆို အတည်ပြု၊

CRPH လွှတ်တော်မှာလည်း စစ်အုပ်စုရဲ့ အတုအယောင် လွှတ်တော်ကို နိုင်ငံတကာ အသိအမှတ် မပြုရေးအဆို အတည်ပြု၊
MFP၊ မတ် -၁၆
အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ စိတ်တိုင်းကျ စီစဉ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကို အခြေခံကာ ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေး ခေါ်ယူပြီးနောက် ရာထူးနေရာ ခွဲဝေသတ်မှတ်တာတွေကို ဒီကနေ့ မတ်လ ၁၆ရက်မှာ စတင် ပြုလုပ်နေပါတယ်။
နေပြည်တော် လွှတ်တော်အဆောက်အအုံမှာ ပြုလုပ်တဲ့ အဲ့ဒီ စစ်အုပ်စုရဲ့ လွတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ဥက္ကဌ၊ စစ်ဗိုလ်ချုပ်ဟောင်း ခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် နေရာပေးပြီး နောက်ထပ် စစ်ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းကို ဒု-ဥက္ကဌ အဖြစ် နေရာပေးကြောင်း ကြေညာခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ လုပ်မယ်လို့ သတင်းတွေ ထွက်နေပြီး စစ်အုပ်စု အနေနဲ့ နောက်ရက်တွေမှာ လွှတ်တော် အစည်းအဝေး ဆက်လက်ပြုလုပ်ကာ ရာထူး၊ တာဝန် ခွဲဝေရယူတာတွေ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH ကလည်း ဒီကနေ့ မတ်လ ၁၆ရက်မှာ နဝမအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။


အွန်လိုင်းကတဆင့် ကျင်းပတဲ့ CRPH ရဲ့ လွှတ်တော် အစည်းအဝေးမှာ စစ်အုပ်စုရဲ့ အတုအယောင် လွှတ်တော်ကို အသိအမှတ်မပြုဖို့ အာဆီယံ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တောင်းဆိုပေးရေး အဆိုကို တင်သွင်း အတည်ပြုခဲ့ပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ ဖန်တီးထားတဲ့ အတုအယောင် လွှတ်တော်၊ ဟန်ပြအစိုးရကို အသိအမှတ် မပြုကြောင်း ကန့်ကွက်ပြီး ငြင်းဆိုဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ ထာဝရ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ တည်ငြိမ်ရေးတို့အတွက် အကြမ်းဖက် စစ်တပ်က အာဏာတည်မြဲဖို့ လုပ်ကြံဖန်တီးထားတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ သူတို့ရဲ့ တရားမဝင် အဖွဲ့အစည်းတွေကို ငြင်းပယ်ဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စညးလှယ် ဒေါ်ဖြူဖြူသင်းက အဆို တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။
စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် နည်းလမ်းပေါင်းစုံနဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီး ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူသန်းပေါင်းများစွာဟာ ဒုက္ခပင်လယ် ဝေနေကြောင်း၊ တိုင်းပြည်လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေသလို ဒီကနေ့အချိန်အထိ ပြည်သူ သုံးသန်းကျော်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အတင်းအဓမ္မ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာနေရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့အချက်အလက်တွေကို ကိုးကားပြီး ဒေါ်ဖြူဖြူသင်းက အဆိုတင်သွင်းရာမှာ ထည့်သွင်းပြောကြားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ နိုင်ငံတော် ယာယီသသမ္မတ ဒူဝါလရှီးလကလည်း စစ်အုပ်စုရဲ့ အတုအယောင် လွှတ်တော်နဲ့ အတုအယောင် အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ ကြိုးစားနေတာကို သမရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ လေးလေးနက်နက် တွေးဆပြီး တန်ပြန် တုံ့ပြန်နိုင်ဖို့လိုကြောင်းနဲ့ တော်လှန်ရေး သတိရှိပြီး အချင်းချင်း အပြန်အလှန် ပုတ်ခတ်ဝေဖန်မနေဘဲ ဖေးမမှသာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ ဒီနေ့ကျင်းပတဲ့ နဝမအကြိမ် ပြည်ထောင်စု လွတ်တော်အစည်းအဝေးမှာ ထည့်သွင်းပြောကြားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ဆိုမယ့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်မှာ အာဏာသိမ်းခဲ့တာ ဖြစ်ပြီး ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ – NLD ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ ဒု-ဥက္ကဌ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုဟာ အာဏာသိမ်းပြီး ငါးနှစ်အကြာ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီမှာ သူတို့ စိတ်တိုင်းကျ စီစဉ်တဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်ခဲ့ပြီး လက်ရှိမှာ အဲ့ဒီ အတုအယောင် ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံကာ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းဖွဲ့စည်းဖို့ ကြိုးစားနေတာ ဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စု အချင်းချင်းကြား ရာထူး၊ တာဝန်တွေ ခွဲဝေ ရယူနေကြတာ ဖြစ်ပါတယ်။


နေပြည်တော်မှာ စစ်အုပ်စုက လုပ်တဲ့ လွှတ်တော်နဲ့ အွန်လိုင်းက လုပ်တဲ့ CRPH လွှတ်တော် အစည်းအဝေး/Photo – စစ်အုပ်စု၊ CRPH
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #လွှတ်တော် #CRPH #စစ်အုပ်စု



