မန္တလေးသတင်း

မန္တလေးမှာ စစ်အုပ်စုက စုံ၊မ အကြောင်းပြပြီး ဆိုင်ကယ်နဲ့ ကားတွေကို ပေါ်တင် ဖမ်းဆီးငွေညှစ်၊

ဖိုးချို/MFP၊ မတ် – ၁၇

မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက စက်သုံးဆီချွေတာရေးအတွက် ကားနဲ့ဆိုင်ကယ်တွေကို စုံ၊မ ခွဲပြီး စီးနင်းကြဖို့ အမိန့်ထုတ်ထားတာကို အကြောင်းပြပြီး လမ်းသွားလမ်းလာတွေကို ပေါ်တင် ငွေညှစ်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စု ယာဉ်ထိန်း၊ ရဲ၊ ပျူစောထီးတွေဟာ မန္တလေးမြို့အနှံ့ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းပြကာ လမ်းပေါ်တက် ငွေညှစ်လေ့ရှိရာက လက်ရှိမှာတော့ လက်နက် မပါတော့ဘဲ စုံ၊ မ အကြောင်းပြကာ ပေါ်တင် ငွေညှစ်နေတာလို့ ဆိုပါတယ်။

မတ်လ ၁၇ရက် ဒီကနေ့ ညနေပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ကညနရုံးအနီးနဲ့ ချမ်းမြသာစည်မြို့နယ်၊ ၆၁ လမ်းပေါ်မှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို တားဆီးငွေညှစ်နေတာ တွေ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

စစ်အုပ်စု ထွေအုပ်၊ ရဲ၊ မော်တော်ပီကယ်၊ ပျူစောထီးနဲ့ မီးသတ်တွေ ပေါင်းကာ ကားနဲ့ ဆိုင်ကယ်တွေကို စုံ၊မ စစ်ဆေး ငွေညှစ်တာ ဖြစ်ပြီး အခြေခံလူတန်းစားတွေ သွားလာရေး ဒုက္ခရောက်ကြရတယ်လို့ ကိုယ်တိုင်စစ်ဆေးငွေညှစ်ခံရသူ မန္တလေးမြို့ခံတစ်ဦး က ပြောပါတယ်။

“ရုံးထောက်ခံစာပါတော့ အေးဆေး ဖြစ်သွားတယ်၊ တွေ့ရသလောက်တော့ အများစု ထောက်ခံစာတွေ ရှိနေကြတာ တွေ့ရပါတယ်၊ မန္တလေးလို အများပြည်သူ သယ်ယူပို့ဆောင်‌ရေးစနစ် ဘာမှ မရှိတဲ့မြို့ကို စုံ၊မ ကန့်သတ်တာ  မြို့လူထုနဲ့ အခြေခံလူတန်းစားကို ဒုက္ခပေးဖို့သက်သက်ပဲ”

မန္တလေး အပါအဝင် နိုင်ငံတဝန်းမှာ စက်သုံးဆီချွေတာရေး အကြောင်းပြကာ ကားနဲ့ဆိုင်တွေကို နေစဉ် စီးနင်း အသုံးပြုခွင့်မပေးဘဲ စုံ၊မ ခွဲကာ တစ်ရက်ခြား စီးနင်းအသုံးပြုဖို့ အာဏာသိမ်း စစ်အုပ်စုက မတ်လ ၃ရက် ကတည်းက အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စု အနေနဲ့ ပြည်သူကို ဖမ်းဆီးငွေညှစ်တာတွေ မလုပ်ခင် စစ်အုပ်စု သစ္စာခံ Non CDM ဝန်ထမ်းနဲ့ နီးစပ်သူတွေကို ထောက်ခံစာတွေ ထုတ်ပေးထားပြီး အဲ့ဒီ ထောက်ခံစာ ပါရှိသူတွေဟာ ကား၊ဆိုင်ကယ်တွေကို စုံ၊မ နေ့ရက် ရွေးစရာမလိုဘဲ စိတ်တိုင်းကျ စီးနင်းခွင့်ရရှိတာ ဖြစ်ပါတယ်။

“ရှိတာနဲ့ သွားရမှာပဲ၊ ရှေ့ကြည့် စီးရမှာပေါ့၊ မနေ့ကအထိ ဖမ်းတာ၊ဆီးတာ မကြားရသေးဘူး၊ ဒီနေ့‌တော့ စုံ၊မ စဖမ်းနေပြီ ကြားတယ်၊ ငွေညှစ်တာထက် စုံ၊မ အကြောင်းပြ ပေါ်တာဆွဲမှာလည်း ကြောက်ရတယ်” လို့ ဆိုင်ကယ်နဲ့ နေ့စဉ် အလုပ်သွားပြန်နေရတဲ့ နေ့စား လုပ်သားတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေညှစ်ရာမှာ ဆိုင်ကယ်တစ်စီးကို အနည်းဆုံး ကျပ် သုံးသောင်းက စတင်ကာ ငွေတောင်းယူနေတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

စုံ၊မ ခွဲကာ တစ်ရက်ခြား စီးဖို့ စစ်အုပ်စုက ထုတ်ထားတဲ့အမိန့်ကို မလိုက်နာပါက အနည်းဆုံး ကျပ် သုံးသောင်း ငွေညှစ်မှာ ဖြစ်ပြီး ထောင်ပါ ချမယ်လို့ စစ်အုပ်စုက အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

ပုံစာ – မန္တလေးမှာ စစ်အုပ်စုက လက်နက်ကိုင်စရာ မလိုတော့ဘဲ စုံ၊မ အကြောင်းပြကာ ပြည်သူကို ငွေညှစ်စဉ်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #ကားဆိုင်ကယ်ငွေညှစ် #စက်သုံးဆီ

Related Articles

Back to top button