စစ်ကိုင်းသတင်း

သဖန်းဆိပ်ဆည် ‌ရွှေမျောတွေ ဗုံးကြဲခံရမှု အလောင်းတချို့ ရှာမရသေး၊

စစ်ကိုင်းထဲ မြေပြင်ခြေမချနိုင်တဲ့ နေရာတွေကို စစ်အုပ်စု ဟုမ္မလင်းကတဆင့် ဗုံးပတ်ကြဲနေ၊

ကိုသူ /MFP၊ မတ် – ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောလုပ်ငန်း လုပ်ကိုင်တဲ့ နေရာကို အာဏာသိမ်း စစ်အုပ်စုက မတ်လ ၁၅ရက်နဲ့ ဒီကနေ့ မတ်လ ၁၈ရက်တွေမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင် ရွှေမျောလုပ်သား တချို့ သေဆုံးပြီး တချို့ အလောင်းရှာမရသေးဘဲ ဒဏ်ရာရသူလည်း ဒါဇင်နဲ့ချီရှိတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၁၅ ရက် မွန်းလွဲပိုင်းက သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောလုပ်ငန်းတွေကို စစ်အုပ်စုက ဟုမ္မလင်းမြို့ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ရွှေမျောလုပ်ကိုင်သူ သုံးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာ ရကာ အလောင်းရှာမရသေးသူတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ဗုံးဒဏ်ကြောင့် ရွှေမျောဖောင်တွေ မီးလောင်ပျက်စီး၊ တစစီဖြစ်ခဲ့သလို ရွှေမျောလုပ်သားတချို့လည်း ဗုံးဆံနဲ့အတူ ရေထဲလွင့်စင်ကာ ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ပျောက်ဆုံးသူတွေကို ရှာဖွေရေးနဲ့ ရွှေမျောဖောင် အပျက်အစီးတွေကို ရှင်းလင်းရေး လုပ်နေချိန် ဒီကနေ့ မတ်လ ၁၈ရက် မနက်ပိုင်းမှာ စစ်အုပ်စုက တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ လာရောက်ပြီး ဗုံးပတ်ကြဲသလို ရော့ကတ်တွေနဲ့ပါ အတွဲလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မတ်လ ၁၅ရက်က ဗုံးပတ်ကြဲ သတ်ဖြတ်ထားတဲ့နေရာကို မတ်လ ၁၈ရက်မှာ ဒုတိယအကြိမ် ထပ်မံလာရောက် ဗုံးကြဲသတ်ဖြတ်တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ပထမနေ့ (မတ်၁၅) သေတာက အလောင်းက သုံးလောင်း ရတယ်။ ဒဏ်ရာ ရသူတွေက ၁၃ ဦး ရှိတယ်၊ ရေထဲ ပျောက်နေသူတွေလည်း ရှိတယ်ဗျ။ အခုထိ ရှာမတွေ့သေးဘူး၊ ဒီနေ့ (မတ်၁၈)မှာကို ထပ်ပြီး တိုက်တာပါ”

ဒီနေ့ဗုံးကြဲတိုက်ခိုက်မှုမှာလည်း ရွှေမျောဖောင်တချို့ ပျက်စီးမှု ရှိပြီးတော့ လူ ထိခိုက်၊သေဆုံးမှု ရှိ၊မရှိ ကိုတော့ အသေးစိတ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

စစအုပ်စုက ပစ်မှတ်ထား ဗုံးကြဲနေတဲ့ နေရာတွေဟာ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောလုပ်ငန်း လုပ်ကိုင်တဲ့ နေရာဖြစ်သလို ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်း သုံးမြို့နယ်အစပ်မှာ တည်ရှိပြီး အဲ့ဒီ သုံးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံရာ နေရာလည်း ဖြစ်တယ်လို့ ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက စစ်ဘေးရှောင် ထွက်ပြေးလာကာ သဖန်းဆိပ်ဆည်အနီး ရွှေ့ပြောင်းနေထိုင်ကြတဲ့ ကျွန်းလှမြို့ပေါ် ရပ်ကွက် လေးခု အပါအဝင် ကျွန်းလှနယ် ကျေးရွာအုပ်စု လေးအုပ်စုက ဒေသခံ ၂၀,၀၀၀ ဝန်းကျင် တောတောင်အတွင်း ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က သုံးမြေဆုံလို့ ဖြစ်တာပေါ့ဗျာ။ သုံးမြေဆုံ ဆိုတာကတော့ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှပေါ့၊ အဲတော့ သုံးမြေဆုံ၊ သုံးမြို့နယ်ဆုံတဲ့ နေရာလို ဖြစ်တဲ့အခါကျတော့ စစ်ရှောင်နေရာတွေ များပါတယ်။ စစ်ရှောင်နေရာကတော့ ကျွန်တော်တို့ မြို့နယ် (ကျွန်းလှ) တစ်မြို့နယ်တည်းတင် မဟုတ်ဘဲနဲ့ အုပ်စု လေးအုပ်စုပေါ့နော်၊ မြို့ပေါ်ရပ်ကွက်က လေးရပ်ကွက်၊ တကယ်တမ်းကျတော့ အဲဒီ လေးရပ်ကွက် ပါတယ်၊ နောက် အုပ်စုကြီးကတော့ လေးအုပ်စုပေါ့။ လူဦးရေ အရေအတွက်နဲ့ ဆိုရင်တော့ ကျွန်တော်တို့ ၁၅,၀၀၀၊ ၂၀,၀၀၀ ပေါ့ဗျာ၊ ၂၀,၀၀၀ ဝန်းကျင်လောက်တော့ ရှိပါတယ်ဗျ”

ဖေဖေါ်ဝါရီ ၁၈ရက်ကလည်း ကျွန်းလှမြို့နယ်၊ ကျွန်းလှနဲ့ ကောလင်းနယ်အစပ်၊ သဖန်းဆိပ်ဆည် အနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ပိုင်းက လေဆိပ်ရှိတဲ့ ဟုမ္မလင်းမြို့ကို ဂျိုင်အိုကော်ပတာ – Gyrocopter အပါအဝင် လေကြောင်းလက်နက်တချို့ အင်အားဖြည့်ပြီးနောက် စစ်ကိုင်းအထက်ပိုင်းရှိ စစ်အုပ်စု မြေပြင်ခြေမချနိုင်တဲ့ မြို့၊ရွာတွေကို ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ပင်လည်ဘူး၊ အင်းတော်၊ မော်လူးစတဲ့ မြို့တွေ အပါအဝင် ဖောင်းပြင်၊ ကျွတ်းလှ၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေက မြို့၊ရွာတွေကို တော်လှန်ရေးတပ်တွေက နယ်မြေသိမ်းပိုက် စိုးမိုးထားလို့ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ မြေပြင်မှာ ခြေမချနိုင်ဘဲ အခုလို လေကြောင်းအားကိုးနဲ့ ပြည်သူကို ပစ်မှတ်ထား ဗုံးပတ်ကြဲနေတာလို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောလုပ်ငန်းနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို အာဏာသိမ်း စစ်အုပ်စုက မတ်လ ၁၅ရက်နဲ့ ၁၈ရက်တွေမှာ တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့စဉ်/Photo – Infinity Group၊ ကျွန်းလှတက်ကြွလှုပ်ရှားသူများ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #သဖန်းဆိပ်ဆည် #ရွှေမျောရွှေကျင်

Related Articles

Back to top button