မန္တလေးသတင်း

မန္တလေးမှာ စစ်အုပ်စုက တစ်ရက် ရှစ်နာရီ မီးဖြတ်၊

နွေရာသီ ဆည်ရေနည်းကာ ဓာတ်အားထုတ်နိုင်မှု လျော့လို့ ဇွန်လအထိ မီးဖြတ်မယ်၊

ဦးစားပေးနေရာတွေ မီးမဖြတ်ဘဲ တစ်ယူနစ် ကျပ် ၉၀၀ နဲ့ ပုံမှန်မီးပေးမယ်၊

ဖိုးချို/MFP၊ မတ် – ၁၈

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေကို အာဏာသိမ်း စစ်အုပ်စုက အုပ်စု သုံးခုခွဲကာ အလှည့်ကျစနစ်နဲ့ လျပ်စစ်မီး ပေး‌နေပြီး တစ်ရက်ကို ရှစ်နာရီ မီးဖြတ်ခံနေရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

နွေရာသီကာလ ဆည်ရေ လျော့နည်းလာကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု အားနည်းတာကြောင့် အလှည့်ကျ မီးပေးတာ ဖြစ်ပြီး မန္တလေးမြို့ပေါ် ရပ်ကွက်တွေကို ရှစ်နာရီလာ၊ လေးနာရီဖြတ်နှုန်းနဲ့ အလှည့်ကျ မီးပေးမယ်လို့ စစ်အုပ်စုက မတ်လ ၁၇ရက်မှာ ကြေညာထားပါတယ်။

စစ်အုပ်စုက မီးဖြတ်တာနဲ့ စက်သုံးဆီ ရှားပါးမှုတွေကြောင့် မြို့နေပြည်သူတွေ နွေရာသီ ရာသီဥတု ပူပြင်းချိန်မှာ ပိုမို ဒုက္ခကြုံရဖွယ် ရှိတယ်လို့ မန္တလေးမြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

ရာသီဥတု ပူပြင်းမှုကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်လာချိန် ဝန်အား ထိန်းညှိဖို့ အလှည့်ကျ မီးဖြတ်တာ ဖြစ်ပြီး နွေရာသီနဲ့ ဇွန်လအထိ ခွဲတမ်းစနစ်နဲ့ မီးပေးနိုင်ဖို့ ကြိုးစားမယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

စစ်အုပ်စု အနေနဲ့ ပြည်သူကို မီးဖြတ်မှာ ဖြစ်ပေမယ့် သူတို့ ဦးစားပေးအဖြစ် သတ်မှတ်တဲ့ နေရာတွေကိုတော့ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) သုံး ဓာတ်အားပေး စက်ရုံတွေက ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းနဲ့ ဓာတ်အားပေးမှာမို့ အဲ့ဒီ ဦးစားပေးနေရာတွေမှာ မီးပြတ်တာမျိုးမရှိဘဲ  ဆက်လက် ဖြန့်ဖြူးပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုမှုမှာ ပါဝင်တဲ့ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုံတွေကို စစ်အုပ်စုက မီတာခ တစ်ယူနစ် ကျပ် ၉၀၀ နှုန်းနဲ့ တောင်းယူမယ်လို့ ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်း အများပြည်သူ အသုံးပြုနိုင်ဖို့ တစ်နေ့တာ ပျမ်းမျှ ဓာတ်အား လိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ် ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ တစ်နေ့တာ ဓာတ်အားပမာဏ ၃၆၀၀ မဂ္ဂါဝပ် (လိုအပ်ချက်ရဲ့ ၇၇ရာခိုင်နှုန်းခန့်)ကို ထုတ်လုပ်ဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ပေါ် တနေရာကို ညပိုင်း တွေ့ရစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မီးဖြတ် #လျှပ်စစ်ဓာတ်အား

Related Articles

Back to top button