ကသာမြို့ ဗုံးကြဲခံရမှု သေဆုံးသူ ၈၀ နဲ့ ဒဏ်ရာရသူ ၂၀ ရှိမယ်လို့ ဒေသခံတွေ ခန့်မှန်း၊
မဟာလေးထပ် ဘုန်းကြီးကျောင်းရှိ သံဃာ၊ စစ်ရှောင်တွေနဲ့ သဖန်းကိုင်းရွာခံတွေ သေဆုံးတာဖြစ်၊
ကိုသူ /MFP မတ်-၂၀
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့မှာ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားချိန် စစ်အုပ်စုက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာကြောင့် ရဟန်းသံဃာတွေ အပါအဝင် ဒေသခံပြည်သူ ၈၀ ခန့် သေဆုံးမယ်လို့ ခန့်မှန်းရပြီး ဒဏ်ရာရသူလည်း ၂၀ ဝန်းကျင် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၂၀ရက် ဒီကနေ့ မနက်ပိုင်း ကသာမြို့နဲ့ ကပ်လျှက်ရှိတဲ့ သဖန်းကိုင်းရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ကသာမြို့ အမှတ် ၃ ရပ်ကွက်၊ မဟာလေးထပ် ဘုန်းတော်ကြီးကျောင်းအနီးရှိ ကသာထောင်ဘက်မှာပါ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ပွဲဖြစ်ပွားချိန် မနက် ၁၁နာရီလောက်မှာ စစ်အုပ်စုက သဖန်းကိုင်းရွာကို ဗုံးကြဲခဲ့သလို မဟာလေးထပ် ဘုန်းကြီးကျောင်းကိုပါ တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးပတ်ကြဲခဲ့ရာ ရဟန်းသံဃာတွေ အပါအဝင် ပြည်သူ ၈၀ ခန့် သေဆုံးပြီး ဒဏ်ရာရသူ ၂၀ လောက် ရှိခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
သဖန်းကိုင်းရွာဘက် တိုက်ပွဲဖြစ်ပြီး ဗုံးကြဲချိန် ကျည်နဲ့ ဗုံးထိမှန်လို့ ရွာအတွင်း နေအိမ်တွေနဲ့ လမ်းမပေါ် လဲကျသေဆုံးသူ ၁၅ ဦးထက်မနည်း ရှိသလို မဟာလေးထပ်ကျောင်း ဗုံးကြဲခံရမှုမှာ ကျောင်းဆောင်တွေအတွင်း အစုလိုက်အပြုံလိုက် သေဆုံးသူတွေ အများအပြား ရှိတယ်လို့ မဟာလေးထပ်ကျောင်း ဖြစ်စဉ်ကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ ကသာမြို့ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“ခန့်မှန်းတာကတော့ ၁၀၀ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းတာ။ ဒဏ်ရာရသူက ၂၀ လောက်နဲ့ သေတာက ၈၀ လောက်လို့ ခန့်မှန်းတာ။ မီးပုံထဲမှာ အများကြီးဆိုတော့လေ လူတွေက။ အဲ့ဒီ အစုအပြုံလိုက်ကြီးက အကုန်လုံး (ဗုံးထိပြီးမီးလောင်) ပါသွားတာဆိုတော့လေ”
မဟာလေးထပ်ကျောင်းရှိ ဆွမ်းစားဆောင်နဲ့ ကျောင်းဆောင်အသစ်ကြီး အပါအဝင် ကျောင်းဆောင် အများစု ဗုံးကြဲခံရသလို နောက်ဆက်တွဲ မီးလောင်ပြာကျသွားပြီး အဲ့ဒီ မီးလောင်တဲ့ ကျောင်းဆောင်တွေထဲ ရှိနေတဲ့ ရဟန်း၊ သံဃာနဲ့ စစ်ဘေးရှောင်ပြည်သူတွေ သေဆုံးတာလို့ ဆိုပါတယ်။
သေဆုံးသူ အရေအတွက် အတိအကျကိုတော့ MFP အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။
၂၀၂၅ ဒီဇင်ဘာကစလို့ ကသာမြို့မှာ တိုက်ပွဲဖြစ်နေတာ ဖြစ်ပြီး စစ်အုပ်စုက ဗုံးကြဲ၊ လက်နက်ကြီး ထုကာ ကသာမြို့မကျရေး ခုခံနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ယခင်လတွေကလည်း ကသာမြို့ခံတွေ သေဆုံးမှု ရှိခဲ့သလို မြို့ပေါ်က နေအိမ်နဲ့ စျေးဆိုင်တွေလည်း မီးလောင်ပြာကျပြီး ထောင်သောင်းချီတဲ့ ကသာမြို့ခံတွေလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
စစ်အုပ်စုဟာ ကသာမြို့က ထွက်မပြေးသေးဘဲ ကျန်နေသူတွေကို အဝင်အထွက် ပိတ်ဆို့ထားကာ ဓားစာခံ လူသားဒိုင်းသဘောမျိုး အသုံးချနေပြီး မြို့မကျရေး ဗုံးကြဲခုခံနေတာလို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကသာ #မဟာလေးထပ်ဘုန်းကြီးကျောင်း



