ကသာမြို့ကို စစ်အုပ်စုက သုံးရက်ဆက် ဗုံးပတ်ကြဲနေ၊
ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု မီးထဲပါသေဆုံးသူ ၇၀ ကျော် ရှိလာပြီး ကျောင်းထဲမှာ မီးရှို့ သင်္ဂြိုဟ်၊

စစ်အုပ်စုက မြို့ကို ပိတ်ဆို့ထားပြီး ပြည်သူတွေ အပြင်မထွက်နိုင်ဘဲ ပိတ်မိနေ၊
ကိုသူ/MFP၊ မတ် -၂၂
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ မတ်လ ၂၀ရက် အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုအပြီး မနေ့ကရော ဒီကနေ့မှာပါ အာဏာသိမ်း စစ်အုပ်စုက ဆက်လက် ဗုံးပတ်ကြဲနေဆဲ ဖြစ်ပြီး လက်နက်ကြီးထုတာ၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်သံတွေလည်း ကြားနေရဆဲ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ကသာမြို့ ခမရ ၃၀၉ ခေါ် ခြေမြန်တပ်ရင်းတပ်မ တည်ရှိရာ၊ ရပ်ကွက် ၁၁ ပြည်တော်သာလမ်းတလျှောက် အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသလို ရပ်ကွက် ၃ ရှိ အကျဉ်းထောင်ရှိရာ လမ်းကိုလည်း သံချပ်ကာ ကားတွေနဲ့ တားဆီးကာ သွားလာခွင့် ပိတ်ထားပြီး ရပ်ကွက် ၆ရှိ ရေဝန်း ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေထိုင်တဲ့ စစ်ဘေးရှောင် ပြည်သူတွေကို နေရာရွှေ့ပြောင်းခိုင်းနေတယ်လို့ ဆိုပါတယ်။
မတ်လ ၂၀ရက် မနက်ပိုင်းက ကသာမြို့ ရပ်ကွက် ၁၀ ဒေသအခေါ် သဖန်းကိုင်းရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက သဖန်းကိုင်းရွာကို ဗုံးကြဲလို့ အိမ်ခြေ အများအပြား မီးလောင်ပြာကျခဲ့သလို ကသာမြို့ အမှတ် ၃ ရပ်ကွက်၊ မဟာလေးထပ် ဘုန်းတော်ကြီးကျောင်း ကိုပါ စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ကျောင်းတိုက်ရှိ သံဃာတော်တွေ အပါအဝင် စစ်ဘေးရှောင် ခိုလှုံနေတဲ့ အရပ်သားပြည်သူ ၈၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ မနေ့က မတ်လ ၂၁ရက်မှာ ကသာမြို့ရဲ့ တဖက်ကမ်း၊ ဧရာဝတီမြစ် အရှေ့ခြမ်းမှာ ရှိတဲ့ ပုလဲရွှေနဲ့ ဒုံးအော့ကျေးရွာတွေကို ဗုံးပတ်ကြဲခဲ့ရာ နေအိမ်တွေ မီးလောင်နေပြီး လူသူ ထိခိုက်သေဆုံးမှု ရှိ၊မရှိ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“အဲဒီဟာက ဒုံးအော့နဲ့ ပုလဲရွှေဆိုရင် တစ်မိုင်လောက်ပဲ ဝေးတာ၊ ဟိုဘက်ဒီဘက် ရွာကို လမ်းမြင်နေရတာ။ အဲဒီကို သုံးလုံး ကြဲသွားတယ်”
ဒီကနေ့ မတ်လ ၂၂ရက်မှာလည်း ကသာမြို့မှာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရဆဲဖြစ်သလို စစ်အုပ်စုက လက်နက်ကြီးထုတာ၊ ကသာမြို့ပတ်လည် ဗုံးပတ်ကြဲတာတွေလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၀ရက်က သဖန်းကိုင်းရပ်ကွက်မှာ တိုက်ပွဲဖြစ်ချိန် စစ်အုပ်စုက ဗုံးကြဲလို့ သဖန်းကိုင်းရပ်ကွက်အတွင်း မီးလောင်တဲ့ နေအိမ်တချို့ ဒီကနေ့အထိ မီးမငြိမ်းသေးသလို ဗုံးထိမှန်မှုနဲ့ တိုက်ပွဲအတွင်း ကျည် ထိမှန်သေဆုံးသူတွေရဲ့ အလောင်းတွေကိုလည်း ကောက်ယူ သင်္ဂြိုဟ်နိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက မဟာလေးထပ် ဘုန်းကြီးကျောင်းကို တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ရာမှာ ရဟန်းသံဃာတွေ အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၈၀ ခန့် သေဆုံးပြီး ကျောင်းတိုက် အတွင်းရှိ သေဆုံးသူ အများစုဟာ မီးလောင်တာကြောင့် မည်သူမည်ဝါ ခွဲခြားလို့ မရတော့သလို အရေအတွက်ကိုလည်း တိတိကျကျ မသိရတော့ဘဲ အဲ့ဒီ ကျောင်းတိုက်အတွင်း ခိုလှုံနေထိုင်ရင်း မီးလောင်သေဆုံးသွားပြီလို့ ယူဆရကာ ပျောက်ဆုံးကြောင်း စာရင်းပေးသူ ၇၀ ကျော် ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“ကိုယ့်မိသားစု သူ့မိသားစုဝင်တွေက ဘယ်နှစ်ယောက် ပါသွားတယ်ဆိုပြီး အလောင်းတွေ လိုက်ရှာ ကြတော့ ရုပ်တွေက မပေါ်ဘူး။ (ဗုံး)အစ မမှန်ဘဲ ခေါင်းပြတ် ခြေပြတ်တဲ့ဟာတွေကတော့ ရုပ်တွေတော့ မြင်ရတယ်လေ။ ဟို မီးလောင်တဲ့နေရာမှာ ကျောင်းဆောင်ကြီးထဲကို ချလိုက်လို့ မီးလောင်သွားတာ တွေက များတော့ ရုပ်တွေက မပေါ်တော့ ဘယ်သူပါလဲ၊ ဘယ်ဝါပါလဲ ဆိုပြီး အခု လောလောဆယ်ဆယ် စာရင်း ကောက်ကြည့်လိုက်တဲ့ အခါမှာ ၇၀ ဝန်းကျင်က စာရင်း ပေါ်ထွက်ခဲ့တာ၊ အခုက လက်တွေ့ စာရင်း အတိအကျ ရယ်လို့တော့ မပြောနိုင်ပေမယ့် ငါ့မိသားစုက ဘယ်နှစ်ယောက် ပါသွားတယ်၊ သူ့မိသားစုက ဘယ်နှစ်ယောက် ပါသွားတယ်ဆိုပြီး ၇၀ နီးပါးကို ဖြစ်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဗုံးထိမှန်ကာ မီးလောင်သေဆုံးသူတွေကို မဟာလေးထပ်ကျောင်းထဲမှာပဲ မီးရှို့သင်္ဂြုလ် ပြီးစီးပြီလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မဟာလေးထပ်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ဒဏ်ရာရသူ အယောက် ၃၀ ကျော် ရှိပြီး အဲဒီထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ပါဝင်ပေမဲ့ ကသာမြို့အတွင်းရှိ ဆေးရုံဆေးခန်းတွေ ပိတ်ထားတာကြောင့် လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘဲ သွေးနဲ့ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒဏ်ရာရတဲ့ဟာက အယောက် ၃၀ ကျော်လောက် ရှိမယ်၊ ဆေးရုံမှာလည်း ဘာမှမရှိတဲ့အတွက် ဆေးရုံက လူနာလည်း မရှိဘူး၊ ဆရာမကြီးတွေလည်း မရှိတဲ့အတွက် ဆေးရုံကို မသွားကြဘူး။ အဲဒီ အိမ်တစ်အိမ်လေးမှာ ဖွင့်ထားပြီးတော့မှ ဆေးကုနေကြရတာ”
တချိန်တည်းမှာပဲ စစ်အုပ်စုက မြို့အဝင်အထွက်ကို ပိတ်ဆို့ထားသလို ပစ်ခတ်မှုတွေကြောင့် မြို့ခံတွေ အပြင်ထွက်ခွင့် မရဘဲ ပိတ်ပိနေကြတယ်လို့ ဆိုပါတယ်။
“ဘေးကင်းရာကို မရောက်ကြဘူး။ ရှိတဲ့လူတွေကတော့ ကိုယ့်အထုပ်ကိုယ်ပိုး ကျွန်တော်တို့ အဆင်သင့်တွေ လုပ်ထားကြတာပေါ့။ ထွက်လို့ရတဲ့ လမ်းကမှ ထွက်ရမှာ၊ အခု ထွက်လို့ရတဲ့ လမ်းတစ်လမ်းက စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်နေတယ်၊ PDF ဘက်ကလည်း ပစ်နေတယ် ဆိုတဲ့ကြားမှာ အဲဒါ ထွက်လို့မရလို့ ဖြစ်နေတာ။ ချောင်းကျော်ပြီးတော့မှ အဲဒီ မြောင်ချောင်းဘက်ကနေ ထွက်တဲ့ လမ်းပေါက်တစ်ပေါက်ပဲ ကျန်တယ်၊ ကျန်တဲ့ဟာတွေက အကုန်လုံး ပိတ်ထားတာ။ PDF ဘက်က ပိတ်ထားတာရှိတယ်၊ စစ်တပ်ဘက်က ပိတ်ထားတာတွေ ရှိတယ်။ အခုလို ပစ်နေတဲ့အချိန်မှာ ကျွန်တော်တို့က ထွက်လို့မရဘူး၊ ကျွန်တော်တို့ ကြားမှာ မိမှာစိုးလို့။ ခန့်မှန်းခြေ အခုလောက်ဆို ငါးထောင်ကျော် ခြောက်ထောင်လောက်တော့ ရှိမယ်၊ အဲဒီ ပြန်ဝင်ခဲ့တာတွေရော ဆိုတော့လေ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

ကသာမြို့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်အစပ်၊ ဧရာဝတီမြစ်ကမ်းမှာ တည်ရှိတဲ့ ခရိုင်မြို့ကြီး ဖြစ်ပြီး သင်္ဘောဆိပ်နဲ့ မီးရထားလမ်းရှိတဲ့ လမ်းပန်းဆက်သွယ်ရေး အချက်အခြားကျတဲ့ မြို့ ဖြစ်ပါတယ်။
၂၀၂၅ ဒီဇင်ဘာက စလို့ ကသာမြို့မှာ တိုက်ပွဲဖြစ်နေတာ ဖြစ်ပြီး စစ်အုပ်စုက ဗုံးကြဲ၊ လက်နက်ကြီး ထုကာ ကသာမြို့မကျရေး ခုခံနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ယခင်လတွေကလည်း ကသာမြို့ခံတွေ သေဆုံးမှု ရှိခဲ့သလို မြို့ပေါ်က နေအိမ်နဲ့ စျေးဆိုင်တွေလည်း မီးလောင်ပြာကျပြီး ထောင်သောင်းချီတဲ့ ကသာမြို့ခံတွေလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
စစ်အုပ်စုက ကသာမြို့ အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီးနောက် မြို့ကနေ ထွက်မပြေးသေးတဲ့ မြို့ခံတွေကို ဓားစာခံ လူသားဒိုင်းကာ သဘောမျိုး အသုံးချနေတာလည်း ဖြစ်ပါတယ်။


မတ်လ ၂၀ရက် မနက်ပိုင်း စစ်အုပ်စုက ဗုံးကြဲလို့ ကသာမြို့ ရပ်ကွက် ၁၀ ဒေသအခေါ် သဖန်းကိုင်းရွာရှိ မီးလောင် ပြာကျတဲ့ နေအိမ်တွေနဲ့ ကသာမြို့ ရပ်ကွက် ၃ရှိ မဟာလေးထပ်ဘုန်းတော်ကြီးကျောင်း မီးလောင်စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



