ကျောက်ပန်းတောင်းမှာ စစ်အုပ်စုက ရွာခံပြည်သူ ငါးဦးကို ဖမ်းပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်၊

သတ်ဖြတ်မှု မကျူးလွန်မီ စစ်အုပ်စုက အမျိုးသမီးကို အဓမ္မကျင့်ကာ အမျိုးသားတွေကို ခြေချောင်းတွေ ဖြတ်ကာ ညှဉ်းပန်းခဲ့ဖွယ်ရှိပြီး အမျိုးသမီး အလောင်းကို တပိုင်းတစ မီးရှို့ကာ အမျိုးသားတွေကို PDF ယူနီဖောင်းဝတ် စွန့်ပစ်ခဲ့၊
ပုပ္ပါးနဲ့ ကျောက်ပန်းတောင်းမှာ စစ်အုပ်စုက ရွာသုံးရွာကို မီးရှို့၊ ပြည်သူ ရှစ်ဦး ထက်မနည်း သတ်ဖြတ်၊
တေဇ/MFP၊ မတ် – ၂၅
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ထဲ ယခုလဆန်းကစလို့ ရွာစဉ်ပတ်မွှေနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အင်ပင်ကြီးကျေးရွာကို စီးနင်းချိန် ရွာခံပြည်သူ ငါးဦးကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်စွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အင်ပင်ကြီးရွာဟာ ကျောက်ပန်းတောင်းကနေ ချောက်နဲ့ ရေနံချောင်းမြို့တွေဆီ သွားတဲ့ ဘက်မှာ တည်ရှိတာ ဖြစ်ပြီး မတ်လ ၁၈ရက်မှာ စစ်အုပ်စုက အင်ပင်ကြီးရွာကို စီးနင်းခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၂၄ရက်မှာ စစ်အုပ်စု အင်ပင်ကြီးရွာထဲက ပြန်ထွက်သွားချိန် တပိုင်းတစ မီးရှို့ထားတဲ့ အလောင်း အပါအဝင် သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အလောင်း ငါးလောင်း တွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ရုတ်တရက် စစ်ကြောင်းက ဝင်လာတော့ ပြေးဖို့အချိန် မရှိလိုက်တာ” လို့ အင်ပင်ကြီးရွာခံ ပြည်သူ ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီး၊ သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်တွေ ဖြစ်ပြီး အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားလေးဦး ဖြစ်ကာ စစ်အုပ်စု ရွာထဲက ပြန်ထွက်သွားချိန် အမျိုးသမီးရဲ့ အလောင်းကို တပိုင်းတစ မီးရှို့ထားဟန် အရိုးစုတွေအဖြစ် တွေ့ရပြီး အမျိုးသားတွေကိုတော့ PDF ယူနီးဖောင်းတွေနဲ့ ဆူးခြုံတွေကြားထဲ သတ်ဖြတ်စွန့်ပစ်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အင်ပင်ကြီးရွာခံပြည်သူတွေကို ဖမ်းဆီးပြီးနောက် ချက်ချင်း သတ်ဖြတ်တာ မဟုတ်ဘဲ ညှဉ်းပန်းပြီးမှ သတ်ဖြတ်ခဲ့တာမျိုး ဖြစ်နိုင်ကာ အမျိုးသမီးကိုတော့ လိင်ပိုင်းဆိုင်ရာ စော်ကားထားတဲ့ အတွက် တပိုင်းတစ မီးရှို့ကာ အလောင်းကို ဖျောက်ဖျက်ခဲ့တာ ဖြစ်မယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
“မိန်းကလေး အလောင်းကတော့ အရိုးပဲ ကျန်တော့တာဆိုတော့ ကျနော့်အထင် လိင်ပိုင်းဆိုင်ရာ ထိပါးမှူ ရှိမယ် ထင်ပါတယ်၊ မိန်းကလေးအလောင်းက ကျနော်တို့ ကြည့်ရသလောက် ဒီကောင်တွေက ခေါင်းကို ဖြတ်ပြီးတော့များ အဲ့လို ဆွဲထုတ်သလား မပြောတတ်ဘူး။ လည်ချောင်းကနေ အူတိုင်အထိ အရိုးက ပါခဲ့တာဆိုတော့၊ ပြီးတော့ သူတို့ မီးရှို့သလား ဘယ်လိုလုပ်သလဲတော့ မသိဘူး။ မိန်းကလေးမှာ အရိုး လုံးဝပဲ ကျန်ခဲ့တော့တယ်၊ အဝတ်အစားတွေလည်း အရိုးစုဘေးမှာ ပုံထားတယ်။ ယောင်္ကျားလေးတွေကတော့ စစ်ဝတ်စုံ၊ PDF ဝတ်စုံကို ဒီကောင်တွေက ဝတ်ခိုင်တယ်။ ပြီးတော့ နှိပ်စက်တယ်၊ နှိပ်စက်တာက လုံးဝ သိသာပါတယ်၊ ပုံမှာ ကြည့်လိုက်ရင်၊ (သေဆုံးသူ) လူတစ်ယောက် ရွာခံပြည်သူ တစ်ယောက်ဆိုရင် ခြေထောက်တွေကို ဖြတ်ထားတယ်။ ခြေချောင်းတွေ မရှိတော့ဘူး၊ ခြေထောက် တစ်ခုလူံ မရှိတော့ဘူး။ အရိုးမှာ ခြေသလုံးတွေက စတဲ့ အရိုး အဲ့တာပဲ ရှိတော့တာ။ ဒီကောင်တွေက နှိပ်စက်ပြီးမှ သတ်ထားတာကတော့ လုံးဝ သေချာပါတယ်”
အင်ပင်ကြီးရွာကို စစ်အုပ်စုက မတ်လ ၁၈ရက်မှာ နှစ်ဖွဲ့ခွဲ စီးနင်းတာဖြစ်ပြီး တစ်ဖွဲ့က ဂွေးပင်ရွာဘက် ပြန်ထွက်သွားကာ နောက်တစ်ဖွဲ့က ကျေးရွာအတွင်းရှိ ရက်အတော်ကြာ နေထိုင်ကာ အထက်ပါအတိုင်း ရွာခံပြည်သူတွေကို ဖမ်းဆီး၊ ညှဉ်းပန်း၊ သတ်ဖြတ်ပြီးနောက် အလောင်းတွေ ပုပ်ကာနီးချိန်မှ ရွာထဲက ပြန်ထွက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု မရှိတော့ပေမဲ့ ကျေးရွာအတွင်း ထင်တိုင်းကျဲ ညှဉ်းပန်း၊ သတ်ဖြတ်ခဲ့တာကြောင့် ရွာခံတွေ ကြောက်ရွံ့နေကြပြီး အများစုက စစ်ဘေးရှောင်ထွက်ပြေးရာနေရာကနေ ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဆိုပါတယ်။
“ရွာခံတွေ ရွာထဲ မနေရဲကြဘူး၊ ရှောင်နေကြတယ်” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ကျောက်ပန်းတောင်းနယ်ထဲကို ချောက်နဲ့ ရေနံချောင်းဘက်ကနေ တစ်ဖွဲ့၊ မြင်းခြံနဲ့ တောင်သာဘက်ကနေတစ်ဖွဲ့၊ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ကာ စစ်အုပ်စုက ကျောက်ပန်းတောင်းနယ်ထဲ ရွာစဉ်ပတ်မွှေနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ပန်းတောင်းနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ ယခု မတ်လအတွင်း ကမ်းဖြူ၊ ဆိတ္ထိန်း တောင်ရွာနဲ့ မြောက်ရွာ၊ စုစုပေါင်း ကျေးရွာ သုံးရွာက အိမ်ခြေ ၃၀၀ နီးပါး စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးပြီး ဖြစ်သလို ဒေသခံပြည်သူ ရှစ်ဦးထက်မနည်းကို သတ်ဖြတ်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မတ်လ ၂ရက်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသရှိ ဆိတ္ထိန်း တောင်ရွာနဲ့ မြောက်ရွာတို့ကို စီးနင်းလုယက် မီးရှို့လို့ အိမ်ခြေ ၇၀ ကျော် ပြာကျခဲ့ပြီး မတ်လ ၄ရက်ကနေ ၆ရက်အထိ ကမ်းဖြူကျေးရွာကို စီးနင်းလုယက် မီးရှို့ရာ အိမ်ခြေ ၂၀၀ ကျော် ပြာကျခဲ့ပါတယ်။ ကမ်းဖြူရွာကို မီးရှို့တဲ့ စစ်အုပ်စုဟာ မပြေးနိုင်ဘဲ အဖွားသုံးဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်ကျော်အတွင်း နိုင်ငံတဝန်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ အရပ်သားပြည်သူ နေအိမ် တစ်သိန်းကျော် ပြာကျပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။

ကျောက်ပန်းတောင်းနယ် အင်ပင်ကြီးရွာက ပြည်သူတွေကို အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီး၊ ညှဉ်းပန်း၊ သတ်ဖြတ်မှုနဲ့ ကမ်းဖြူရွာကို မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #ကျောက်ပန်းတောင်း #ပုပ္ပါး



