မန္တလေးသတင်း

မြင်းခြံမှာ စစ်အုပ်စုက ရွာကို စီးနင်းမီးရှို့ပြီး လသားကလေး အပါ ရွာခံ လေးဦးကို ပစ်သတ်၊

ရွာထဲ မီးဝင်ငြှိမ်းသူတွေကို ဒရုန်း ဗုံးကြဲလို့ သေဆုံးသူတွေ ရှိကာ စုစုပေါင်း ၁၀ ဦးခန့် သေဆုံးဟုဆို၊

မြင်းခြံနယ်ထဲ စစ်အုပ်စုက အငြိုးတကြီး လူသတ်၊ လုယက်၊ မီးရှို့နေတာ လေးလကျော်ကြာ ရှိလာ၊

MN/MFP ၊ ဧပြီ – ၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို ဒီကနေ့ မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက စီးနင်းဝင်မွှေ လုယက်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီးနောက် လသားအရွယ် ကလေးငယ် အပါအဝင် ရွာခံ လေးဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၂ရက် မနက် ၇နာရီကျော်အချိန် မြင်းခြံနယ်၊ ဆုံရွာပျူစောထီးစခန်းက စစ်အုပ်စုနဲ့ ပျူတွေဟာ ဖက်ပင်အိုင်ရွာကို စီးနင်း လုယက် မီးရှို့တာ ဖြစ်ပြီး ရွာခံတွေကို ပစ်သတ်ခဲ့သလို ရွာထဲ မီးဝင်ငြှိမ်းဖို့ ကြိုးစားသူတွေကိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကနဦး သတင်းအရ သေနတ်နဲ့ ပစ်သတ်ခံရသူ လေးဦး၊ ရွာထဲ မီးဝင်ငြှိမ်းချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ သေဆုံးသူ ခြောက်ဦး၊ စုစုပေါင်း ၁၀ ဦး ထက်မနည်း သေဆုံးတယ်လို့ ကြားသိရပြီး အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

“ဒေသခံတွေကို ပစ်သတ်သွားတာက ရွာထဲမှာပဲ၊ (စစ်အုပ်စု) ပစ်သတ်သွားတာ။ ကလေးတစ်ဦးကတော့ အသက် တစ်လခွဲလောက် ရှိတယ်လို့ ပြောတယ်။ အဲဒီ ကလေးကိုပါ (စစ်အုပ်စု) ပစ်သွားတာ။ နောက်ပြီးတော့ အဖွားကြီးတစ်ဦးဆိုရင် သူတို့(စစ်အုပ်စု)ကို မြင်ပြီးတော့ လန့်ပြီး သေသွားတယ်။ ရွာမီးရှို့တဲ့ အချိန်မှာတော့ ဒေသခံတွေက မီးဝင်ငြှိမ်းကြတာ။ အဲဒါကို ဆုံရွာကနေ ဒရုန်းတွေနဲ့ ဗုံးသီး ချလို့မို့ ထပ်ပြီးတော့ သေဆုံးထိခိုက်တာတွေ ရှိသေးတယ်။ သေဆုံးထိခိုက်တာတွေက အတော်လေး များတယ်။ အခု လောလောဆယ်မှာကို သေဆုံးသူက ၁၀ ယောက်ထက်မနည်း ရှိသွားပြီ”

ဒါ့အပြင် စစ်အုပ်စု မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၃၀၀ ကျော် ရှိတဲ့ ဖက်ပင်အိုင်ကျေးရွာမှာ ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြင်းခြံနယ်မြောက်ခြမ်းရှိ ဖက်ပင်အိုင်ရွာဟာ စစ်အုပ်စုနဲ့ပျူတွေ အထိုင်ချတပ်စွဲထားတဲ့ ဆုံရွာ ပျူစခန်းရဲ့ တောင်ဘက် ဆီမီးခုံ-နဘူးအိုင် လမ်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အိမ်ုခေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ နဘူးအိုင်ရွာကို မီးရှိုပဖျက်ဆီးပြီး ထွက်လာတဲ့ စစ်အုပ်စုဟာ ဧပြီ ၁ ရက် မနေ့က ဖက်ပင်အိုင်ရွာကို စီးနင်းတာဖြစ်ပြီး နေအိမ်တွေ ဖောက်ထွင်းလုယက်ကာ  တန်ဘိုးရိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ဒီကနေ့မနက်ပိုင်း ဆုံရွာ ပျူစခန်းက စစ်အုပ်စုနဲ့ပျူတွေက ထပ်မံ စီးနင်းဝင်ရောက်ကာ အထက်ပါအတိုင်း လူသတ်၊ လုယက်၊ မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့တုန်းက ကျောက်တိုင်ရွာကနေ ဖက်ပင်အိုင်ရွာကို စစ်ကြောင်းတစ်ခု ဝင်လာတယ်။ ဝင်လာတော့ ဒေသခံတွေကို အချိုသပ်ပြီးတော့ စည်းရုံးတာပေါ့။ သူတို့(စစ်အုပ်စု)က ဘာမှ မလုပ်ပါဘူးပေါ့။ အဲဒီလို ပြောဆိုစည်းရုံးပြီး ဖက်ပင်အိုင်ရွာမှာ ညအိပ်သွားတာ။ မနက်ကျတော့ အဲဒီစစ်ကြောင်းက ဘယ်အချိန်က ပြန်ထွက်သွားတယ် မသိလိုက်ဘူး။ သူတို့ အဲဒီ စစ်ကြောင်းပြန်ထွက်သွားတော့ ဆုံရွာက ပျူတွေနဲ့ စခတွေ ရွာထဲဝင်လာပြီးတော့ တွေ့သမျှလူ အကုန်ပစ်သတ်သွားတာ။ အဲဒါပြီးတော့ ရွာထဲက လူတွေကို အကုန်လုံး ဘုန်းကြီးကျောင်းထဲ စုခိုင်းပြီးတော့ ရွာကိုပါ မီးရှို့သွားခဲ့တာ။ အဲဒီလို မီးရှို့ ထားခဲ့တာကို မီးဝင်ငြှိမ်းနေတဲ့ ဒေသခံတွေကို ဆုံရွာကနေပြီးတော့ ဒရုန်းတွေနဲ့ တောက်လျှောက် ချနေတာ။ သေဆုံးသူတွေကတော့ ၁၀ ယောက်ထက်မက ပိုများနိုင်တယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲကာလ ၂၀၂၅ ဒီဇင်ဘာက စတင်ကာ မြင်းခြံနယ်ထဲ ရွာစသ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

၂၀၂၅ ဒီဇင်ဘာကနေ မတ်လအထိ လေးလအတွင်း မြင်းခြံမြို့နယ်ထဲ စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာ ၁၅ရွာ ရှိပြီး အိမ်ခြေ ၄၀၀၀ နီးပါး မီးလောင်ပြာကျ ပျက်စီးခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မြင်းခြံ #ဖက်ပင်အိုင်

Related Articles

Back to top button