မကွေးသတင်းအညာမြေ တော်လှန်ရေး

ရေနံတွင်းကိစ္စ NUG နဲ့ မကွေးယူနစ်အစိုးရတို့ ဆွေးနွေးပွဲ အပြုသဘောဆောင်ဟုဆို၊

ဗိုလ်လက်ယာကို NUG က ဖမ်းမယ်ဆိုတာ မဟုတ်မှန်ဟု မကွေးဝန်ကြီးချုပ် ပြော၊

ဒီဒီ/MFP၊ ဧပြီ-၂

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့မြိုင်မြို့နယ် အတွင်းရှိ ရေနံတွင်းတွေ အပါအဝင် သယံဇာတ‌ ခွဲဝေရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့ ဒီကနေ့ ညှိနှိုင်းဆွေးနွေးခဲ့ရာ အပြီးသတ်ရလာဒ် မထွက်သေးပေမဲ့ အပြုသဘောဆောင်တယ်လို့ မကွေး ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က MFP ကို ပြောပါတယ်။

ပေါက်နဲ့ မြိုင်နယ်ရှိ ဒေသခံ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရေနံမြေတွေကို ထိန်းချုပ်စီမံဖို့ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန – MOD က မတ်လ ၃၀ရက်မှာ PDF အင်အား ၃၀၀ လောက်နဲ့ ရုတ်တရက် ဝင်ရောက်လို့ ဒေသခံတပ်တွေနဲ့ စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

အဲ့ဒီ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် ဒီကနေ့ ဧပြီ ၂ရက်မှာ NUG၊ မကွေးယူနစ်အစိုးရ၊ မကွေးယူနစ် လွှတ်တော်တို့ သယံဇာတခွဲဝေရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်ကာ အပြီးသတ်ရလာဒ် မထွက်သေးတာကြောင့် မနက်ဖြန်မှာ ဆက်လက် ဆွေးနွေးရမှာ ဖြစ်တယ်လို့ မကွေးယူနစ် ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က ပြောပါတယ်။

“ဒီနေ့ကတော့ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ပေါင်းစပ်ညှိနှိုင်းနိုင်မယ့် အစည်းအဝေး ဖြစ်ခဲ့တယ်ပေါ့နော၊ ဒါပေမယ့် အစည်းအဝေးက မနက်ဖြန်လည်း ဆက်ဆွေးနွေးဦးမှာ ဖြစ်ပါတယ်လို့၊ ရလာဒ်ကတော့ ကောင်းမွန်တဲ့ ရလာဒ်ဖြစ်မှာပေါ့လေ”

ဒီကနေ့ ဆွေးနွေးပွဲကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ MOD ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တတ်‌ရောက်ခဲ့ပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးဖက် ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌနဲ့ တာဝန်ရှိသူတွေ တတ်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့၊ ရန်သူ အကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမဲ့ ရေးသားမှုတွေ၊ ထုတ်ပြန်မှုတွေကို မပြုလုပ်ကြဖို့နဲ့ ပြဿနာကို ပိုမိုကြီးထွားစေမဲ့ ဆောင်ရွက်ချက်တွေကိုလည်း ထိန်းကျောင်းကြဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာကို NUG၊ MOD က ဖမ်းဆီးမယ်ဆို တာလည်း မဟုတ်မှန်ဘဲ မြေပြင်တပ်မှုးတွေ ဆိုပြီး သတင်းတင်နေတာတွေကလည်း မဟုတ်မှန်ဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က ပြောပါတယ်။

“တချို့ သတင်းတွေ လျောက်တင်နေသလိုမျိုးပေါ့လေ၊ မြေပြင်တပ်မှုးတွေ ဆိုပြီး သတင်း‌တင်နေတဲ့ ဟာမျိုးတွေ၊ ကိုလက်ယာကို ဖမ်းမယ် ဆီးမယ်ဆိုတဲ့ ကိစ္စမျိုးတွေက မဟုတ်ပါဘူး”

လက်ရှိမှာတော့ ပေါက်နဲ့‌ မြိုင်မြို့နယ်တွေမှာ စစ်ကိုင်းနဲ့ မကွေးတိုင်းရှိ MOD တပ်ရင်းတွေက PDF အင်အား ၃၀၀ ခန့် ရောက်ရှိနေပြီး MOD ဘက်က အင်အားထပ်တိုးတာတွေ ရှိသလို ဒေသခံ‌ တပ်တွေ ဘက်ကလည်း သူတို့ထိန်းချုပ်နယ်မြေတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြတ်သန်းလိုပါက ကြိုတင် အကြောင်းကြားဖို့နဲ့ စစ်ဆေးတဲ့အခါ ကြည်ဖြူစွာစစ်ဆေးခံဖို့ သတိပေးစာတွေ ထုတ်ထားပါတယ်။

ဧပြီ ၂ ရက် ဒီကနေ့မှာတော့ ပေါက်နဲ့မြိုင်မြို့နယ်၊ ကျေးရွာ လေးရွာခန့်ရှိ ဒေသခံပြည်သူတချို့က လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်စဉ် အလိုမရှိကြောင်းနဲ့ ဗဟိုဦးစီး ချုပ်ကိုင်တာမျိုး အလိုမရှိကြောင်း စတဲ့ ဘန်နာတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ NUG တပ်အချင်းချင်း တင်းမာနေချိန် အာဏာသိမ်း စစ်အုပ်စုကလည်း ပေါက်မြို့နယ်ထဲကို တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ပြည်သူတချို့ ထိခိုက်တာ၊ အိုးအိမ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ရေနံတွင်း #ဖက်ဒရယ်ယူနစ်အစိုးရ

Related Articles

Back to top button