အာဏာသိမ်းပြီး အကွက်ချ စီစဉ်ထားတဲ့အတိုင်း မင်းအောင်လှိုင် သမ္မတ လုပ်မယ်၊

တေဇ/MFP၊ ဧပြီ – ၃
အသက် ၇၀ အရွယ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး အကွက်ချ စီစဉ် ထားတဲ့အတိုင်း နောင် ငါးနှစ်ကို သမ္မတ အဖြစ် လုပ်ကိုင်ကာ အာဏာကို ဆက်လက် အုပ်စီးထားမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲမသမာမူ လုပ်တယ်လို့ စွပ်စွဲကာ ၂၀၂၁ ဖေဖေါ်ဝါရီမှာ အာဏာသိမ်းပြီးနောက် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီး ထောင်ချခဲ့တဲ့ မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ရယူဖို့ ငါးနှစ်ကြာ အချိန်ယူပြင်ဆင် စီစဉ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေအတွင်း အတုအယောင် ရွေးကောက်ပွဲကို မြို့နယ်တချို့ နေရာကွက်ကြားမှာ ပြုလုပ်ပြီးနောက် အဲ့ဒီ ရလဒ်တွေကို အခြေခံကာ အယောင်ပြ လွှတ်တော်ခေါ်ပြီးနောက် သမ္မတ လုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၃ရက် ဒီကနေ့ လုပ်တဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ လွှတ်တော်ကနေ မင်းအောင်လှိုင်ကို သမ္မတ ခန့်လိုက်တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို နေ့စဉ်နီးပါး ဖမ်းဆီး၊ သတ်ဖြတ်ခဲ့ပြီး အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၆ ဧပြီ ၂ ရက်အထိ နိုင်ငံတဝှမ်း စစ်အုပ်စုက သတ်ဖြတ်လို့ သေဆုံးသူ ၇၉၆၂ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP က သတင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီ အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက ဖမ်းဆီးခဲ့သူ ၃၀၇၅၅ ဦး ရှိတယ်လို့ AAPP က ဆိုပါတယ်။

AAPP ဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နေ့စဉ်မှတ်တမ်းပြုစု ဖော်ပြနေတဲ့ အဖွဲ့ ဖြစ်ပြီး အထက်ပါ ဖမ်းဆီး၊ သတ်ဖြတ်ခံရတဲ့ အချက်အလက်တွေဟာ သူတို့ စုဆောင်း ရရှိသလောက်သာ ဖြစ်ပြီး မြေပြင်မှာ ပိုမို များပြားနိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်နေသလို မြို့၊ ရွာတွေနဲ့ ပြည်သူ့ နေအိမ်တွေကိုလည်း နေ့စဉ်နီးပါး မီးရှို့ဖျက်ဆီးနေပြီး စစ်အာဏာသိမ်းကာလ ငါးနှစ်ကျော် ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ အရပ်သားနေအိမ် ၁၂၅,၃၂၈ လုံး မီးလောင်ပျက်စီးတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ Data For Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မင်းအောင်လှိုင် #အာဏာသိမ်း #သမ္မတ



