ချောက်နဲ့ ညောင်ဦးအစပ်ရှိ ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုး မီးရှို့၊ ခုခံတိုက်ပွဲအတွင်း စစ်အုပ်စု ငါးယောက်ထက်မနည်း သေ၊

ဝင်းသိန်း/MFP၊ ဧပြီ – ၃
မကွေးတိုင်း၊ ချောက်မြို့နယ် အရှေ့မြောက်ခြမ်းနဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အစပ်ရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုက်စုက စစ်ကြောင်းထိုး စီးနင်းလုယက်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး အဲ့ဒီ စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာ ငါဒယောက်ထက်မနည်း သေတယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။
မတ်လ ၃၁ ရက်က စပြီး ချောက်နဲ့ ညောင်ဦးနယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုက အင်အား ရာဂဏန်းနဲ့ စစ်ကြောင်းထိုးတာဖြစ်ပြီး ချောက်မြို့နယ်ရှိ ဆင်ကရွာ၊ ကြေးနီရွာ၊ သွေးနက်ရွာနဲ့ ညောင်ဦးမြို့နယ်ရှိ ဗိုလ်ကုန်းရွာတွေကို စီးနင်းလုယက် မီးရှို့လို့ ဗိုလ်ကုန်းရွာမှာ အိမ်ခြေ ၃၀၊ ဆင်ကရွာနဲ့ သွေးနက်ရွာမှာ အိမ်ခြေ တစ်လုံးစီ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“အခု မီးရှို့ခံရတဲ့ရွာတွေဟာ ချောက်မြို့ အရှေ့ဘက် ချောက်မြို့နဲ့ သုံးမိုင်ဝန်းကျင်သာ ဝေးပါတော့တယ်။ မကွေးတိုင်းနဲ့ မန္တလေး ထိစပ်ရွာတွေပါ။ မီးရှို့ခံ ဒေသခံတွေကတော့ နီးစပ်ရာမှာ ရှောင်တိမ်း နေရပါတယ်။ မီးရှို့တာရော တိုက်ပွဲ ဖြစ်တာရော မတ်၃၁ရက်နေ့မှာပါ” လို့ မကွေးခရိုင် PDF တပ်ရင်း ၃ ရဲ့ တပ်ရင်းမှုး အာကြီးက MFP ကို ပြောပါတယ်။
အဲ့ဒီလို စစ်ကြောင်းထိုး၊ ရွာမီးရှို့၊ ဖောက်ထွင်းလုယက်နေတဲ့ စစ်အုပ်စု အင်အား ၁၀၀ပါ စစ်ကြောင်းကို မကွေးခရိုင် စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင် အမှတ် ၁ တပ်ရင်းနဲ့ မကွေးခရိုင် အမှတ် ၃ တပ်ရင်း တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၃၁ ရက် နံနက် ၁၀နာရီကျော်အချိန် တစ်ကြိမ်၊ ညနေ ၃ နာရီလောက်မှာတစ်ကြိမ် စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေက နှစ်ဖက်အပြန်အလှန် အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်အုပ်စု ငါးယောက် ထက်မနည်း သေကာ ဒဏ်ရာရသူလည်း များတယ်လို့ မကွေးခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“ရန်သူ့ဘက်က ငါးဦးထက်မနည်း သေဆုံးပြီး ၁၀ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ တိုက်ပွဲ ကြာချိန်က ပထမတစ်ကြိမ် ၁၅မိနစ်၊ ဒုတိယတစ်ကြိမ် ၂၀မိနစ် ဝန်းကျင်ပါ။ စခ သေဆုံးမှုကတော့ မိမိတို့ ရဲဘော်တွေ မျက်မြင်ရော၊ ကားတွေနဲ့ လာတင်သွားတာ၊ ပြည်သူတွေ မြင်တာရော အတည်ပြုနိုင်တာပါ”
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်အုပ်စုက ချောက်မြို့အခြေစိုက် ခြေလျင်တပ်ရင်း – ခလရ ၁၃ ထဲ ဝင်ပြေးတယ်လို့ ဆိုပါတယ်။

ဧပြီ ၃ရက် ဒီကနေ့မှာတော့ အဲ့ဒီ ချောက်မြို့ ခလရ ၁၃ ထဲကနေ စစ်အုပ်စု ပြန်ထွက်လာပြီး ချောက်နယ် မြှားအုံရွာသစ်ရွာဘက် စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စု ရန်ကြောင့် ချောက်နဲ့ ညောင်ဦးနယ် အစပ်ရှိ ကျေးရွာတွေက ဒေသခံပြည်သူ အများအပြား စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄နဲ့ ၁၅ရက်ကလည်း ချောက်မြို့ပေါ်ကနေ ထွက်လာပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လုယက်တဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု လေးယောက် သေတယ်လို့ မကွေးခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ချောက်နဲ့ ညောင်ဦးမြို့နယ်အစပ် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့စဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ချောက် #ညောင်ဦး



