
ဘုန်းစိုး/MFP၊ ဧပြီ – ၅
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် အနောက်တောင်ခြမ်းရှိ ရွာသာကျေးရွာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲနေ အာဏာသိမ်း စစ်အုပ်စုက ဒရုန်းလေးစင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်လို့ ရွာခံပြည်သူနှစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ ၅ ရက် ဒီကနေ့ နေ့လည်ပိုင်းအချိန် စစ်အုပ်စုက မုံရွာ နမခ ကတဆင့် ရွာသာကျေးရွာ စာသင်ကျောင်းကို အသေခံဒရုန်း လေးစင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေပေါ်လည်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“လောလောဆယ် သိရတာက အဖိုးကြီးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ထိခိုက်တယ်၊ အိမ်တစ်ခြမ်း ပျက်သွားတယ်၊ စာသင်ကျောင်းကို လာကြဲတာလို့ ထင်တာပဲ၊ ကံကောင်း သွားတာက စာသင်ကျောင်းက ဒီနေ့ ပိတ်ထားတာ” လို့ ဘုလတင်နယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက အဓိက ပစ်မှတ်ထားကာ ဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ စာသင်ကျောင်းဟာ ကျေးွာအတွင်းရှိ ကလေးသူငယ်တွေ ပညာသင်ကြားနိုင်ဖို့ ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ စာသင်ကျောင်းလေး ဖြစ်တယ်လို့ ဆိုပါတယ်။
မတ်လ ၃၀ရက်ကလည်း ဘုတလင်မြို့နယ်၊ ငပရင်းရွာရှိ ကိုယ်ထူကိုယ်ထ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ မွေးကင်းစ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ဆေးလာကုသူ ရှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။
စစ်အုပ်စုဟာ ငပရင်းရွာ ကိုယ်ထူကိုယ်ထဆေးရုံကို မန္တလေးမြို့ တံတားဦးနဲ့ မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ပထမအကြိမ် ဗုံးကြဲပစ်ခတ်ပြီးနောက် ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် နောက်တစ်နာရီခန့်အကြာမှာ တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ ဗုံးကြဲ ပစ်ခတ်တာကြောင့် သေဆုံး၊ ဒဏ်ရာရသူ များပြားခဲ့တာ ဖြစ်ပါတယ်။ နှစ်ကြိမ်ဗုံးကြဲခံရမှုအတွင်း ဗုံးထိမှန်လို့ ပွဲချင်းပြီး သေဆုံးသူ လေးဦး အပါအဝင် မွေးကင်းစ ကလေးတစ်ဦး၊ အသက် နှစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးကြီး နှစ်ဦးနဲ့ အမျိုးသား လေးဦး၊ စုစုပေါင်း ရှစ်ဦး သေဆုံးကာ ခြေပြတ်လက်ပြတ်သူတွေ အပါအဝင် ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
အဲ့ဒီ ငပရင်းရွာ ဆေးရုံဟာ စစ်အုပ်စုက ဆေးရုံမဖွင့်ပေးနိုင်လို့ ဆေးဝါးကုသခွင့် ခက်ခဲနေတဲ့ ဒေသခံ ပြည်သူတွေအတွက် CDM ဆရာဝန်တွေ ဦးဆောင်ကာ ကိုယ်ထကိုယ်ထ ဖွင့်လှစ်ထားတဲ့ ဆေးရုံဖြစ်ပြီး ဘုတလင်နယ်သာမက ဒီပဲယင်း၊ အရာတော်၊ ယင်းမာပင် စတဲ့ အနီးဝန်းကျင် ဒေသတွေရှိ ဆင်းရဲသား ပြည်သူတွေ လာရောက် ကုသကြရတဲ့ ဆေးရုံဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ဘုတလင်နယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ဒရုန်းပျံသန်းဖို့ လေ့ကျင့်နေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ နှစ်ပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဘုတလင် #စာသင်ကျောင်း



