စစ်ကိုင်းသတင်း

မုံရွာ အရာတော်နယ်ကို စစ်အုပ်စု နေ့ရောညပါ တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲနေ၊

ဒေါ်လာ/MFP၊ ဧပြီ – ၅

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ထဲကို အာဏာသိမ်း စစ်အုပ်စုက နေ့ရောညပါ ဗုံးပတ်ကြဲနေပြီး ထိခိုက်ပျက်စီးမူတချို့ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဧပြီ ၄ရက် ညသန်းခေါင်ကျော်အချိန် ၁၂နာရီခွဲအချိန် အရာတော်နယ် အနောက်မြောက်ခြမ်း တနေရာကို အာဏာသိမ်း စစ်အုပ်စုက မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲခဲ့သလို ဒီကနေ့ ညနေ ၄နာရီမှာ မန္တလေးနဲ့ မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ကိုးကြိမ်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ညသန်းခေါင်အချိန် စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးကို အရာတော်နယ်ကို ဗုံးကြဲလို့ တဲအိမ်တချို့ ပျက်စီးပြီး မနေ့က ညပိုင်းရော၊ ဒီကနေ့ ညနေပိုင်းရော ဗုံးကြဲမူကြောင့် ပြည်သူ ထိခိုက်မှု မရှိဘူးလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“ပြည်သူများအနေဖြင့် စစ်ခွေးများ၏ အပြစ်မဲ့ ပြည်သူများအပေါ် ရမ်းသမ်းဗုံးကြဲမှုများမှ ကင်းဝေးစေရန် ဗုံးခိုကျင်းများ တူးထား၍ လေကြောင်းသတင်း နားစွင့် နေထိုင်ကြပါရန် ပန်ကြား အပ်ပါသည်” လို့ ဒေသခံ တော်လှန်ရေးတပ် Knight Commanders (PDF) က တိုက်တွန်းပါတယ်။

ဒေသခံ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ လေကြောင်း အန္တရာယ်ကို သတိထားကြဖို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မတ်လ ၃၀ ရက်ကလည်း ဘုတလင်နယ် ငပရင်းရွာ ကိုယ်ထူကိုယ်ထဆေးရုံကို ဗုံးကြဲ သတ်ဖြတ်တဲ့ တချိန်တည်းမှာပဲ အရာတော်နယ် တောင်ခြမ်းကို တိုက်လေယာဉ်တစ်စီး၊ အရာတော်နယ် မြောက်ခြမ်းကို တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်လို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမူ ရှိခဲ့ပါသေးတယ်။

မတ်လ ၃၀ရက်မှာ အရာတော်မြိုု့ပေါ်က အနောက်ဘက်ကို ထွက်ကာ စစ်ကြောင်းထိုးဖို့ ကြိုးစားတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အရာတော် – မုံရွာ ကားလမ်းဘေးရှိ ကမ်းဖြူကျေးရွာကို ရုတ်တရက် စီးနင်းပြီး ဒေသခံ ပြည်သူ အမျိုးသား တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ကာ နောက်ထပ် အမျိုးသား နှစ်ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးပြီးနောက် အရာတော်မြို့ပေါ်ရှိ အမှတ် ၃၆၉ အမြောက်တပ်ရင်းထဲ ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညပိုင်းကလည်း အရာတော်နယ်တောင်ခြမ်း မင်းရွာကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ငါးနှစ်အရွယ် ကလေး အပါအဝင် ဒေသခံ ပြည်သူ ငါးဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း အရာတော်-ထီးဆောင်း လမ်းပိုင်းပေါ်က မင်းရွာအနီးမှာ ရပ်နားထားတဲ့ ခရီးသွား ကားတွေကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲလို့ ခရီးသွား အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အရာတော်နယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၄ရက် ညသန်းခေါင်အချိန် အရာတော်နယ်ကို စစ်အုပ်စုက တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးပတ်ကြဲလို့ ပျက်စီးမှုတချို့ တွေ့ရစဉ်/Photo – Knight Commanders (PDF)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဘုတလင် #စာသင်ကျောင်း

Related Articles

Back to top button