သမ္မတ ဦးဝင်းမြင့် မိသားစုနဲ့ ဆုံဆည်းခွင့်ရမှု ဝမ်းမြောက်ကြောင်း NUG သဘောထား ထုတ်ပြန်၊
နွေဦးတော်လှန်ရေး မပြီးဆုံးသေးဘဲ ဆက်လက် တိုက်ပွဲဝင်မယ်လို့ ဖော်ပြ၊

နွေဦးတော်လှန်ရေး ရည်မှန်းချက် အချက် (၆)ချက် ထပ်လောင်း ထုတ်ပြန်၊
တေဇ/MFP၊ ဧပြီ – ၁၈
အာဏာသိမ်း စစ်အုပ်စုရဲ့ မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်းခံရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားတချို့ မိသားစုနဲ့ ပြန်လည်ဆုံဆည်းခွင့်ရတဲ့ အပေါ် ဝမ်းမြောက်ကြောင်း ဖော်ပြပြီး နွေဦးတော်လှန်ရေးကို ဆက်လက် ဆင်နွှဲမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ဧပြီ ၁၈ရက် ဒီကနေ့ သဘောထား ကြေညာချက် ထုတ်ပြန်ပါတယ်။
သမ္မတ ဦးဝင်းမြင့်အား အာဏာသိမ်း စစ်အုပ်စုက မတရားဖမ်းဆီးချုပ်နှောင်ထားရာကနေ မိသားစုနဲ့ ဆုံဆည်းခွင့်ပေးတာဟာ ပြည်တွင်းပြည်ပ တော်လှန်ရေး ဖိအားတွေကြောင့် ဖြစ်ပြီး ပြည်သူလူထုရဲ့ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတစ်ရပ် အဖြစ် အခိုင်အမာ ယုံကြည်ရှုမြင်တယ်လို့ NUG က ဆိုပါတယ်။


ဒါပေမဲ့ နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ကို မရောက်သေးတာကြောင့် ဆက်လက် တိုက်ပွဲဝင်မယ်လို့ NUG ဖော်ပြပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ဆက်လက်အသိအမှတ်ပြု ကိုင်စွဲ ထားသကဲ့သို့၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အားလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူ့ရွေးကောက်ခံ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက် အသိအမှတ်ပြု ထားကြပါသည်။ နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး ဖြစ်သည့်အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင် လူတစ်စုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ အဦးမူ၍ တိုင်းပြည်နှင့် ပြည်သူလူထုအား နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိသည့် အဆိုးကျော့ သံသရာက အပြီးတိုင်လွတ်မြောက်ရေးဖြစ်သည်”
နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ယခင်ကလည်း ထုတ်ပြန်ကြေညာပြီး ဖြစ်သလို ၂၀၂၆ မတ်လ ၃၀ ရက်ကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ – SCEF က ထုတ်ပြန်ထားပြီး အဲ့ဒီ ထုတ်ပြန်ချက်၊ ရည်မှန်းချက်တွေအတိုင်း ခိုင်ခိုင်မာမာ ဆက်လက် စွဲကိုင်ကာ နွေဦးတော်လှန်ရေး ရည်မှန်းချက် ဘုံသဘောထား အချက် ခြောက်ချက်ကို ထပ်လောင်း ကြေညာပါတယ်လို့လည်း NUG က ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေဟာ ၁။ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂။ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝ ထားရှိဖို့၊ ၃။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲ့ဒီ ဥပဒေ ပြန်လည်အသက်သွင်းရေး ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ဖို့၊ ၄။ သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့၊ ၅။ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ဖို့နဲ့ ၆။ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုတရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်စွာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာဥပဒေ (International Humanitarian Law) ကို ကျူးလွန်ဖောက်ဖျက်မှုများအား အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး ဆောင်ကြဉ်းပေးနိုင်သည့် အခြေအနေရှိမှသာ ကျွန်ုပ်တို့၏ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်ဟု မှတ်ယူ၍ မမှိတ်မသုန် ဆက်လက် ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်” လို့ NUG က ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ NUG အစိုးရ အနေနဲ့ ခေတ်ပြောင်းစနစ်ပြောင်းစေဖို့ ဦးတည်ဆောင်ရွက်နေတဲ့ နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ ဆုံးခန်းတိုင်အောင် ဆောင်ရွက်မယ်လို့ အဓိဋ္ဌာန်ပြုတယ်လို့လည်း NUG က ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #စစ်ကိုင်း #မန္တလေး #NUG



