ယင်းမာပင်နဲ့ ပုလဲနယ်ထဲ စစ်အုပ်စု အင်အားသုံးကာ ဆက်လက် ရွာစဉ်ပတ်မွှေနေပြီး သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရ၊
လည်ငေါက်ရွာကို သင်္ကြန်တွင်း လေးရက်ကြာ စီးနင်းလုယက် မီးရှို့ဖျက်ဆီး၊
သုထက်/MFP၊ ဧပြီ – ၁၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက အင်အား အများအပြားနဲ့ အဖွဲ့တွေ ဖြန့်ခွဲကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာကြောင့် ကျေးရွာ ၂၀ ကျော်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ ၈ရက် ကတည်းက စစ်အုပ်စု အင်အား ၇၀၀ ကျော်ကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ ယင်းမာပင်နဲ့ ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေတာ ဖြစ်ပြီး သင်္ကြန်တွင်းမှာလည်း မရပ်မနားဘဲ ရွာမီးရှို့တာ၊ လုယက်တာနဲ့ လေကြောင်းဗုံးကြဲတာတွေ ကျူးလွန်သလို တွေ့သမျှပြည်သူကိုပါ ဖမ်းဆီးသတ်ဖြတ်တာ၊ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာကြောင့် ပုလဲနဲ့ ယင်းမာပင်နယ်အစပ် ကျေးရွာတွေက သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် ထွက်ပြေးနေရတာ ၁၀ရက် ကျော်ကြာ ရှိလာပြီး ရာသီဥတု ပူပြင်းချိန် အမိုးအကာမရှိ၊ တောတောင် သစ်ပင်ရိပ်မှာ ခိုလှုံနေရတာကြောင့် စစ်ရှောင်ပြည်သူတွေ ကျန်းမာရေး ထိခိုက်ပြီး ဓာတ်ဆားနဲ့ ဆေးဝါးကအစ လိုအပ်နေတယ်လို့ ကိုယ်တိုင်စစ်ဘေးရှောင်နေရသူ ယင်းမာပင်နယ်ခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“မီးရှို့ခံရတဲ့ ပြည်သူတွေလည်း အိမ်ကို မပြန်နိုင်ကြသေးဘူး။ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်မှာဆိုရင် စစ်ရှောင်ရတဲ့ ပြည်သူ ၂၅,၀၀၀ ဝန်းကျင် ရှိတယ်။ အဲ့ဒီ စစ်ရှောင်တွေက ဆိုးရွားတဲ့ ရာသီဥတု ပူပူလောင်လောင် ထဲမှာ စစ်ရှောင်နေကြရတယ်။ အဲ့ဒီတော့ စစ်ရှောင်တွေအတွက်က ဆေးဝါးတွေ၊ ဓာတ်ဆားတွေ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ ပါနေတဲ့အတွက် အမျိုးသမီး အသုံးအဆောင်တွေကလည်း ဝယ်ဖို့ အရမ်းကို ခက်ခဲတယ်။ အမျိုးသမီးတွေအတွက်လည်း လိုအပ်ချက်တွေ အများကြီးရှိတယ်။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ နို့တိုက်မိခင်တွေ၊ ကလေးငယ်လေးတွေပါ စစ်ရှောင်နေရတော့ ဆေးဝါးထောက်ပံ့မှုတွေလည်း အရမ်းကို လိုအပ်နေပါတယ်”
စစ်အုပ်စုဟာ ပုလဲနယ်ထဲကို အင်အား ၆၀၀ လောက်နဲ့ ယင်းမာပင်နယ်ကို အင်အား ၁၇၀ ကျော်နဲ့ အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေနေတာဖြစ်ပြီး ယင်းမာပင် – ပုလဲ ကားလမ်းပေါ်ရှိ လမ်းပန်း ဆက်သွယ်ရေး အချက်အချာကျတဲ့ လည်ငေါက်ရွာကို ဆုံရပ်အဖြစ် သုံးကာ လည်ငေါက်ရွာထဲ ဝင်လိုက်၊ ထွက်လိုက်၊ စုပေါင်းလိုက်၊ ပြန်ခွဲလိုက်နဲ့ စစ်ကြောင်းထိုး၊ မီးရှို့၊ လုယက်နေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ သင်္ကြန်ကာလအတွင်း ဧပြီ ၁၂ရက်၊ ၁၄ရက်နဲ့ ၁၅ရက်တွေမှာ လည်ငေါက်ရွာကို အကြိမ်ကြိမ် အခါခါ ထင်တိုင်းကျဲ မီးရှို့ဖျက်ဆီးရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ လည်ငေါက်ရွာဟာ အိမ်ထောင်စု ၄၀၀ ကျော် နေထိုင်တဲ့ ရွာဖြစ်ပြီး စစ်အုပ်စု မီးရှို့လို့ ကျေးရွာအတွင်းရှိ အိမ်ခြေ ရာနဲ့ချီ ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လည်ငေါက်ရွာသာမက ယင်းမာပင်နယ်ရှိ တမာပင်ခွနဲ့ ငါးမောင်းရွာ၊ ပုလဲနယ်ရှိ သရက်ကန် ရွာတို့လည်း စီးနင်းကာ တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်းခိုးယူပြီးနောက် အိမ်ခြေ တစ်လုံစ၊ နှစ်လုံးစ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက ပုလဲနဲ့ ယင်းမာပင်နယ်အစပ် ကျေးရွာတွေကို လက်နက်ကြီး ထုတာ၊ လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေလည်း နေ့စဉ်ရက်ဆက် ကျူးလွန်နေပြီး ဧပြီ ၁၂ရက်က လည်ငေါက်ရွာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို စစ်အုပ်စုက ဂျိုင်အိုကော်ပတာ သုံးစီး၊ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲခဲ့ရာ ငါးမောင်ရွာထဲ အိမ်တစ်အိမ်မှာ ရှိနေတဲ့ မြေးအဖိုး သုံးဦး ထိမှန်ပြီး အသက် ၁၄နှစ်အရွယ် မိန်းကလေး သေဆုံးကာ ကျန်တဲ့ အသက် ၇၀အရွယ် အဖိုးနဲ့ အသက် ၁၁နှစ်အရွယ် မြေးမိန်းကလေးတို့ ဒဏ်ရာရခဲ့ပါတယ်။
ဧပြီ ၁၀ရက်ကလည်း ပုလဲနယ် သရက်ကန်ရွာအနီးမှာ စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်း သုံးလောင်း တွေ့ရပြီး စစ်အုပ်စု လက်ထဲ ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု တစ်ဖွဲ့က ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာထဲ စီးနင်းအထိုင်ချနေပြီး နောက် တစ်ဖွဲ့ကလည်း ယင်းမာပင်နယ် ရေအောင့်ရွာထဲ စီးနင်းဝင်ရောက်နေရာယူထားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ပုလဲမြို့နယ်ရှိ မုံကြိုင်း၊ အိုင်ရောင်း၊ ကျေးသများ (အရှေ့နဲ့အနောက်)၊ ငှက်ပျောတော (တောင်၊ မြောက်နဲ့ ရွာသစ်)၊ ကမ္ဘားရပ်၊ ပုထိုးသာ၊ ရွာနောင်၊ မောင်းတုံ၊ ပုပ္ပါ၊ ဇီးဖြူကုန်း စတဲ့ ကျေးရွာတွေနဲ့ ယင်းမာပင်မြို့နယ်ရှိ တမာပင်ခွ၊ ရင်ပေါင်တိုင်၊ ဆင်တဲ၊ အေးကုန်း၊ ညောင်တန်း၊ နှုံးတန်း၊ ပြားအို စတဲ့ ကျေးရွာတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။
ပုလဲနယ်ရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေ အပါအဝင် ပုလဲနဲ့ ယင်းမာပင်နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ဖေဖေါ်ဝါရီလက စတင်က လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပုလဲနယ် မြောက်ခြမ်း၊ ပုလဲနဲ့ ယင်းမာပင်နယ်အစပ် ကျေးရွာတွေဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု ရှေ့ဆက်မတိုးနိုင်ဘဲ နောက်ပြန်ခေါက်သွားခဲ့ပြီးနောက် ယခု ထပ်မံကာ ဧပြီ ၈ရက်က စလို့ တကျော့ပြန် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ယင်းမာပင်နယ် လည်ငေါက်ရွာကို သင်္ကြန်တွင်းဖြစ်တဲ့ ဧပြီ ၁၂ရက်၊ ၁၄ရက်နဲ့ ၁၅ရက်တွေမှာ စစ်အုပ်စုက ထင်တိုင်းကျဲ စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



