မကွေးသတင်း

စလင်းမြို့နယ် ကျေးရွာနှစ်ရွာကို စစ်အုပ်စု ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊နှစ်ရက်အတွင်း ကျေးရွာ ခြောက်ရွာကို မီးရှို့ဖျက်ဆီးထားပြီး ပြည်သူ သုံးဦးသေဆုံး

နန်းယု/MFP၊ မေ ၅

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာနှစ်ရွာကို စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး နှစ်ရက်အတွင်း ရွာခြောက်ရွာ မီးရှို့ဖျက်ဆီးခံရကာ အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ မေလ ၃ ရက်နေ့က ကန်တိုင်ကွေ့ကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ အထိုင်ချတပ်စွဲပြီး မေလ ၄ ရက်နေ့ နေ့လည်ပိုင်းမှာတော့ ပတ်ဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် မေလ၄ရက် ညနေ ၅ နာရီခန့်မှာ ပစ်ခတ်သံတွေ ငြိမ်သက်သွားပြီးနောက် ပျိုးခင်းကုန်းကျေးရွာအုပ်စုအတွင်းက ပျိုးခင်းကုန်းကျေးရွာနဲ့ စဉ့်တုကန်ကျေးရွာတို့ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာ ကျခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုမီးရှို့ဖျက်ဆီးပြီးနောက် စစ်အုပ်စုဟာ ကန်တိုင်ကွေ့ရွာဘက်ကို ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မေလ ၁ ရက်နေ့က စတင်ပြီး စစ်အုပ်စုရဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းက ထုတ်နှုတ်အင်အားတွေဖြစ်တဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေ စစ်ကူအင်အားနဲ့ စလင်းမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတွေကို နေ့စဉ် စစ်ကြောင်းထိုးမီးရှို့နေပြီး နယ်မြေခံတော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ စလင်းမြို့နယ် ပကဖက မနေ့က မေလ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“မြေပြင်မှာစစ်ရေးတင်းမာနေဆဲမို့ လိုင်းအချိတ်အဆက်မရသေးလို့ပါ။ကျွန်တော်တို့ မြေပြင်က တာဝန်ကျတာဝန်ခံတွေနဲ့ သတင်းအတိအကျရရင် ဆက်လက်ဖြေကြားပေးပါမယ်ဗျ။” လို့ စလင်းပကဖက ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုတပ်တွေဟာ မေ ၁ရက်နဲ့ ၄ရက်နေ့တွေမှာ ကျေးရွာပေါင်း ခြောက်ရွာကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့တာပါ။

မေလ ၁ ရက်နေ့တုန်းကလည်း စလင်းမြို့နယ်အတွင်းက ထနောင်းကုန်းကျေးရွာ၊ ကံစွယ်ရွာ၊ သနပ်ကုန်းရွာနဲ့ ကြူဝန်းကျေးရွာတို့ကို တပ်မ ၁၀၁ လက်အောက်ခံ ခြေလျင်တပ်ရင်း တွေဖြစ်တဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေက စစ်ကြောင်းထိုး ဝင်ရောက်ကာ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။အဲဒီ စစ်ကြောင်းတွေဟာ ရွာစဉ်ပတ်မွှေမီးရှို့ခဲ့ပြီးနောက် အရပ်သား အမျိုးသားတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားသလို စစ်ဘေးမရှောင်နိုင်တဲ့ အဖွားအို နှစ်ဦးလည်း မီးသင့်ပြီး သေဆုံးခဲ့ရပါတယ်။

စစ်အုပ်စုမီးရှို့တာကြောင့် ထနောင်းကုန်းကျေးရွာက ရွာလုံးကျွတ်နီးပါး လောင်ကျွမ်းခံခဲ့ရပြီး ကြူဝန်းရွာရှိ နေအိမ် (၃)လုံး မီးသင့်ခဲ့သလို သနပ်ကုန်းကျေးရွာက ဆက်သွယ်ရေးတာဝါတိုင်ရဲ့ မြောက်ဘက်တကြောလုံး လောင်ကျွမ်းခဲ့တယ်လို့ စလင်းပအဖက ဖော်ပြပါတယ်။ဒါ့အပြင် ဒေသခံတွေရဲ့ ကျွဲ၊ နွား၊ ဝက် စတဲ့ တိရစ္ဆာန်တွေနဲ့ သိုလှောင်ထားတဲ့ သီးနှံတွေအားလုံးလည်း ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ မြေပြင်စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာပေါင်း ရှစ်ရွာခန့်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးရှောင်တိမ်းနေရတယ်လို့ ပြည်သူ့ညီနောင် – စလင်းက တာဝန်ရှိသူတစ်ဦးက MFPကို ပြောပါတယ်။

မေလ၄ရက်နေ့ညပိုင်းက စလင်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာကို မီးရှို့စဉ်/ ဓာတ်ပုံ- စလင်းပအဖ

Related Articles

Back to top button