စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်အုပ်စု ထိုးစစ်ကြောင့် အင်းတော်၊ နဘားနဲ့ မော်လူးမြို့တွေ NUG တပတ်အတွင်း လက်လွှတ်ရ၊

စစ်ကိုင်း – ကချင် ကုန်သွယ်ရေးလမ်း စစ်အုပ်စု ပြန်ရသွားပြီမို့ အညာမှာ ဆေးဝါးနဲ့ လူသုံးကုန် ရှားပါး ပြတ်လပ်မှု ပိုကြုံနိုင်၊

ရွှေဥ/MFP၊ မေ- ၅

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေ ပြန်ရရေး အာဏာသိမ်း စစ်အုပ်စုက လေကြောင်းအားပြုကာ အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် အင်းတော်၊ နဘားနဲ့ မော်လူးမြို့တွေကို တစ်ပတ်အတွင်း ပြန်လည် သိမ်းပိုက် ထိန်းချုပ်သွားပါတယ်။

၂၀၂၅ နှစ်လယ်ပိုင်းမှာ မန္တလေးမြို့နဲ့ ၁၀မိုင်အကွာရှိ စစ်စခန်းတွေ အပါအဝင် မန္တလေး – မတ္တရာလမ်း ပြန်ရရေးအတွက် မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်- လပခ ကတဆင့် လေကြောင်း အားကိုး၊ တရုတ်အားကိုးနဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ အချိန် ကိုးလတာ ကာလအတွင်း မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – တကောင်း – ထီးချိုင့် မှသည် မော်လူးမြို့အထိ၊ မန္တလေးတိုင်းအတွင်းရှိ NUG သိမ်းပိုက်ထားတဲ့ မြို့၊ရွာတွေ အားလုံးနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ NUG သိမ်းပိုက်ထားတဲ့ မြို့၊ရွာ အများအပြားကို ပြန်လည် သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း မန္တလေးနဲ့ စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြန်ရပြီးနောက် စစ်အုပ်စုရဲ့ ထိုးစစ်တွေ ပိုမိုအရှိန်မြင့်လာပြီး ဧပြီ ၂၉ရက်မှာ အင်းတော်မြို့ကို NUG လက်ထဲက ပြန်ရသွားသလို နဘားမြို့ကိုလည်း ဆက်လက် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယနေ့ မေလ ၅ရက်မှာ မော်လူးမြို့ကို စစ်အုပ်စုက ထပ်မံ သိမ်းပိုက်နိုင်သွားတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မတ် ၂၀ရက်မှာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအစပ်ရှိ NUG သိမ်းပိုက်ထားတဲ့   တရုတ်ပိုင် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းတောင် နီကယ်စက်ရုံကို ပြန်ရပြီးနောက် စစ်ကိုင်းတိုင်းဘက် ဆက်လက် စစ်ကြောင်းထိုးတာ ဖြစ်ပြီး ထီးချိုင့်မြို့ အပါအဝင် ကသာ၊ အင်းတော်နဲ့ မော်လူးမြို့တွေကို တစ်လကျော်အတွင်းမှာပဲ ပြန်သိမ်းယူနိုင်သွားတာ ဖြစ်ပါတယ်။

စစ်ရှုံးထားတဲ့ မြို့၊ရွာ၊ နယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ခုခံ တိုက်ခိုက်ပေမဲ့ လေကြောင်း၊ ဒရုန်းနဲ့ မြေပြင်စစ်ကြောင်းကပါ အင်အားများတာကြောင့် တော်လှန်ရေး တပ်တွေ အနေနဲ့ မြန်မြန်ဆန်ဆန် နယ်မြေတွေ လက်လွှတ်လိုက်ရတာလို့ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“ထီးချိုင့်ကနေ ထိုးလာတာက ကသာ ရောက်တယ်။ ကသာနဲ့ အင်းတော်ကြားက တစ်ပတ်လောက်တော့ တိုက်ပွဲ ဖြစ်တယ်။ အင်းတော်ကနေ ထိုးလာတာက ဒီ‌နေ့မှာ မော်လူးကို ရောက်လာတာ။ မော်လူးမှာ တိုက်ပွဲ ဖြစ်တယ်”

တော်လှန်ရေးတပ်တွေ အနေနဲ့ ၂၀၂၃ ဒီဇင်ဘာမှာ မော်လူးမြို့နဲ့ ၂၀၂၅ ဧပြီမှာ အင်းတော်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး အင်းတော်မြို့ကို သိမ်းပိုက်နိုင်ရေး ရှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။

စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် မန္တလေးမြို့ လပခ ကနေ စတင်ပြီး တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ကချင်ပြည်နယ် ဝင်၊ထွက်ပေါက် ဖြစ်တဲ့ မော်လူးမြို့ကို ပြန်ရသည်အထိ မြို့၊ရွာတွေကို ထိုးစစ်ဆင်ရာမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေကို အလွန်အကျွံပြုလုပ်ပြီး အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဒါ့အပြင် တရုတ်က ထောက်ပံ့ပေးတဲ့ နည်းပညာမြင့် ဒရုန်းတွေကို အရေအတွက် အများအပြား အသုံးပြုတာလည်း တွေ့ရပြီး မြေပြင်စစ်ကြောင်းမရောက်မှ မြို့၊ရွာတွေ၊ တော်လှန်ရေး အင်အားစုတွေရဲ့ ခံစစ်နေရာတွေကို လေကြောင်းနဲ့ ဒရုန်း သုံးကာ ဗုံးကြဲဖြိုခွင်းပြီးနောက် အင်အား အများအပြားနဲ့ ဝင်လုံးကာ သိမ်းပိုက်တဲ့သဘော ဖြစ်တယ်လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

လက်ရှိ အင်းတော်နဲ့ မော်လူးမြို့တွေ ပြန်ရသွားတဲ့ စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းမှာ မန္တလေးမြို့ လပခ လက်အောက်ခံ တပ်ရင်းတွေက ထုတ်နှုတ်ထားတဲ့ အင်အားနဲ့ တပ်မ ၃၃ က ထုတ်နှုတ်ထားတဲ့ အင်အားနဲ့ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အင်းတော်နဲ့ မော်လူးမြို့ အပါအဝင် ကချင်ပြည်နဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို စစ်အုပ်စုက ပြန်ထိန်းချုပ်သွားပြီမို့ စစ်ကိုင်း – ကချင် ကုန်စည်စီးဆင်းမူ ပိုမို ခက်ခဲ ကြပ်တည်းလာနိုင်ပြီး အညာပြည်သူတွေ အနေနဲ့ ဆေးဝါး၊ လူသုံးကုန်နဲ့ အစားအသောက် ပြတ်လပ်မှုတွေ ပိုမို ကြုံလာရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုက ခုခံတော်လှန်မှု အားကောင်းရာ အညာဒေသကို စားနပ်ရိက္ခာ၊ စက်သုံးဆီ၊ လူသုံးကုန်နဲ့ ဖုန်း၊ အင်တာနက် စတဲ့ ဆက်သွယ်ရေးတွေ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း စတဲ့ အညာဒေသက ပြည်သူတွေ အနေနဲ့ နယ်စပ်ကုန်သွယ်ရေးကို အဓိက အားထားနေရကာ လက်ရှိမှာ ကချင်ပြည်ကတဆင့် ကုန်စည်စီးဆင်းရာ တရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ကျတဲ့ လမ်းပိုင်းတွေ စစ်အုပ်စု လက်ထဲ ပြန်ပါသွားတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စု ရန်ကြောင့် အင်းတော်နဲ့ မော်လူးမြို့ခံတွေ အပါအဝင် ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး တချို့က ကချင်ပြည်ဘက် စစ်ဘေးရှောင် ထွက်ပြေးကြရတယ်လို့ ဆိုပါတယ်။

မေလ ၅ရက် ဒီကနေ့ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် NUG ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရာမှာ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီးတော့ နိုင်ငံရေးအရ စိန်ခေါ်ချက်တွေ ရှိနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“လက်ရှိ အချိန်မှာ၊ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အများ ရှိနေသလို၊ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်”

ဒီလို ဆုံးရှုံးမှုနဲ့ စိန်ခေါ်ချက်တွေ ရှိနေမယ့် နွေဦးတော်လှန်ရေး ခရီးကြမ်းထဲမှာ ဇွဲမ​လျှော့ကြဖို့ NUG သမ္မတ က တိုက်တွန်းထားပြီး အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ PDF ရဲဘော်တွေကို လေးနက်စွာ အသိအမှတ် ပြုတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ဖြစ်တဲ့ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနဲ့ အင်းတော်၊ စုစုပေါင်း ရှစ်မြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက ငါးနှစ်ကျော်ကြာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ထင်တိုင်းကျဲ လူသတ်၊ မီးရှို့၊ ဗုံးကြဲနေတာ ဖြစ်ပါတယ်။

မော်လူးမြို့ကို ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မော်လူး #အင်းတော် #နဘား

Related Articles

Back to top button