စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်နယ် ရွာစဥ်ပတ်မွှေနေတဲ့ စစ်အုပ်စုက ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ၊ ကားနဲ့ သယ်ထုတ်နေ၊

တွေ့သမျှလူ ရန်ပြု၊သတ်ဖြတ်လို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတာ တစ်လနီးပါး ရှိလာ၊

သုထက်/MFP၊ မေ – ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေနေတဲ့ အာဏာသိမ်း စစ်အုပ်စုက နေအိမ်တွေကို ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူကာ တန်ဘိုးရှိ ပစ္စည်းတွေကို ကားနဲ့ သယ်ထုတ်နေပြီး တွေ့သမျှလူကို ရန်ပြု သတ်ဖြတ်တာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတာ တစ်လနီးပါး ရှိလာပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၈ရက်က စတင်ကာ ယင်းမာပင်နယ်အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲနယ်အစပ် ကျေးရွာတွေကို စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ရင်ပေါင်တိုင်၊ ဆင်ဆွယ်၊ အေးကုန်းစတဲ့ ကျေးရွာတွေထဲ ဝင်နားလိုက်၊ ရွာစဉ်ပတ်မွှေလိုက်နဲ့ နေအိမ် ဖောက်ထွင်းခိုးယူတာတွေ အဓိက ကျူးလွန်နေကာ ခိုးရာပါ ပစ္စည်းတွေကို ဖောကားတွေနဲ့ တင်ပြီး ယင်းမာပင်မြို့ဆီ အကြိမ်ကြိမ် သယ်ထုတ်နေတာလို့ ဆိုပါတယ်။

“ရွာတွေထဲ စျေးဆိုင်တွေ၊ ကောက်ပဲသီးနှံပေါတဲ့ တောင်သူအိမ်တွေ အများဆုံး ခိုးယူတာပဲ၊ ဆန်၊ ဆီ၊ ပဲ၊ အိမ်သုံးပစ္စည်းတွေ အဓိက ခိုးယူနေတယ်” လို့ စစ်အုပ်စုရန်ကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

ဧပြီလဆန်းကတည်းက ထွက်ပြေးနေရတဲ့ ပြည်သူတွေဟာ ရွာထဲ ရိက္ခာပြန်ယူဖို့၊ အိမ်ရဲ့အခြေအနေကို ပြန်ကြည့်ဖို့ ကြိုးစားရာမှာလည်း စစ်အုပ်စုနဲ့ တွေ့ပြီး ဖမ်းဆီးခံရသူ၊ သတ်ဖြတ်ခံရသူတွေ ရှိကာ ပြည်သူတွေ တကွဲတပြားစီ ထွက်ပြေးနေရတာမို့ ဖမ်းဆီးခံရသူနဲ့ သတ်ဖြတ်ခံရသူ အရေအတွက် မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်နယ် အနောက်ခြမ်းကို ရွာစဉ်ပတ်မွှေတဲ့ တစ်လနီးပါကြာ အချိန်အတွင်း လည်ငေါက်၊ အေးကုန်းနဲ့ တမာပင်ခွကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ဖောက်ထွကင်းခိုးယူ မခံရတဲံ ကျေးရွာကတော့ မကျန်ရှိတော့ဘဲ ရွာတိုင်းနီးပါး ခိုးယူခံရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ ခိုးရာပါ ပစ္စည်းတွေကို ဖောကားတွေနဲ့တင်ပြီး သုံးရက်တစ်ကြိမ်လောက် ယင်းမာပင်မြို့ဆီ သယ်ထုတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ခိုးရာပါ ပစ္စည်းတွေထဲက တချို့ တန်ဘိုးမရှိဘူးထင်တဲ့ ပစ္စည်းတွေကို ယင်းမာပင်မြို့အဝင်မှာ ကားပေါ်ကနေ ဆွဲထုတ်ပစ်ချခဲ့ကာ တန်ဘိုးရှိ ပစ္စည်းတွေကိုတော့ ခွဲဝေရယူနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့နယ်အနောက်ခြမ်းရှိ မြို့ကြီး၊ လက်လှုပ်၊ စားတော်ပြင်၊ ပြောင်းပြာ၊ ကုန်းရွာ၊ ပေါက်ပန်းဖြူ၊ ဇီးတော၊ အေးကုန်း၊ ရင်ပေါင်တိုင်၊ ဆင်ဆွယ်၊ အင်တော၊ မင်းမကုန်း၊ ရွှေလံ၊ ဆင်တဲ၊ နှုံးတန်း၊ ညောင်တန်း၊ ပုထိုးသာ၊ ဇီးဖြူကုန်း၊ မောင်းတုံ၊ ပုပ္ပါ၊ ကမ္ဘားရပ် စတဲ့ ကျေးရွာတွေက ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးနေကြရပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ အမိုးအကာနဲ့ နေရာထိုင်ခင်း ကောင်းကောင်းမွန်မွန် မရှိတဲ့ တောတောင်တွေထဲ ခိုလှုံနေကြရပြီး ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်သူတွေလည်း ရှိတယ်လို့ ကိုယ်တိုင်စစ်ဘေးရှောင်နေရသူ အမျိုးသမီးက MFP ကို ပြောပါတယ်။

“ရာသီဥတုက ပူလိုက်၊ မိုးရွာလိုက်ဆိုတော့ တော်တော်လေးကို အဆင်မပြေဘူး၊ ကျန်းမာရေးအရ အဆင်မပြေမူတွေ များတယ်။ ဖျားကြတယ်၊ အပူ အအေး မညီမျှတော့ နှာစေးကြတယ်၊ ချောင်းဆိုကြတယ်၊ ကျန်းမာရေပြဿနာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲမှာ ထိခိုက်လွယ်တဲ့ အုပ်စုပေါ့၊ မွေးကင်းစကလေးသူငယ်တွေ ပါတယ်၊ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေက တော်တော်လေး ဒုက္ခရောက်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မူတွေ လိုအပ်တယ်၊ ဆေးဝါးတွေ လိုအပ်တယ်၊ စားနပ်ရိက္ခာတွေ လိုအပ်တယ်ပေါ့။ နောက်ပြီးတော့ ရာသီဥတု အနေအထားအရ အမိုးအကာတွေလည်း လိုအပ်နေပါတယ်ရှင်”

ယင်းမာပင်နယ် အနောက်ခြမ်းကို ရွာစဉ်ပတ်မွှေနေသလို တချိန်တည်းမှာပဲ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ ကျေးရွာတွေကိုလည်း အာဏာသိမ်း စစ်အုပ်စုက သံပြားကာ ကားတွေ အပါအဝင် အင်အား ၃၀၀ လောက်နဲ့ ဧပြီ ၂၅ ရက်က စတင်ကာ ရွာစဉ်ပတ်မွှေနေပြီး ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက်ရှိ ကျေးရွာ ၁၀ရွာကျော်က ပြည်သူ ၁၀,၀၀၀ ကျော်လည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

စစ်အုပ်စု အနေနဲ့ ယင်းမာပင်နယ်ထဲ နယ်မြေစိုးမိုးနိုင်ဖို့ အင်အား အများအပြား သုံးကာ ရွာစဉ်ပတ်မွှေ နေတာ ဖြစ်ပြီး တချို့ရွာတွေကို မီးရှို့ပြာချ၊ တချို့ရွာတွေကို စီးနင်းအထိုင်ချ တပ်စွဲကာ အဖွဲ့တွေခွဲပြီး နေ့စဉ် ကျေးရွာတွေကို စီးနင်းဝင်မွှေ လုယက်နေတာ ဖြစ်ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ ရန်ပြုလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button