စစ်ကိုင်းသတင်း

မတ္တရာက စစ်ဘေးတိမ်းရှောင်ရသူတွေ အရေပြားရောဂါဖြစ်ပွါးနေ၊ ဝင်ငွေမရှိလို ဆေးကုဖို ခက်ခဲ၊

ထင်လင်း/MFP၊ မေ-၆

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်ကနေ စစ်ကိုင်းတိုင်းဘက်ကို ကူးပြီး စစ်ဘေးတိမ်းရှောင် လာကြသူတွေထဲက ကလေးအများစုဟာ မသန့်ရှင်းတဲ့ ရေကိုပဲ သုံးစွဲနေရတာကြောင့် အရေပြား ရောဂါတွေ ဖြစ်ပွါးနေသလို လူကြီးတချိုလည်း ဖြစ်ပွါးနေတယ်လို စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ မိုးကာတဲ၊ ယာယီတဲလေးတွေနဲ့ ဖြစ်သလို နေထိုင် နေကြရသလို အဲ့ဒီဒေသမှာရှိတဲ့ ချောင်း၊မြောင်းထဲက ရေကိုပဲ သုံးစွဲနေကြရတာကြောင့် စစ်ဘေးတိမ်းရှောင်ပြီး သိပ်မကြာခင်ကတည်းက အရေပြားရောဂါတွေ စတင်ဖြစ်ပွါးလာတယ်လို ဆိုပါတယ်။

”စ ကုပ်ရာကနေ အလုံးသေးသေးလေးတွေကနေ ဖြစ်ကုန်တာ၊ အဲ့ဒီ ရေစချိုးရာကနေ ဖြစ်တာပဲ၊ အဲ့ဒီက မြောင်းထဲက ရေချိုးရာကနေပြီးတော့ အဲ့လိုကနေ စဖြစ်တာ၊ ရောက်ပါပြီဆိုကတည်းက ခုချိန်ထိ မပျောက်ဘူး၊ ဆေးလည်း စုံတယ်၊ ခု ဝါးရုံတောဘက်မှာလည်း ညီမတို သွားကုတယ်၊ ညှစ်ဆေးဘူးလေးတွေ ပေးလိုက်တယ်၊ သောက်ဆေးပေးလိုက်တယ်၊ ဒါလည်း မရဘူး၊ အဲ့ကနေပြီး ညီမတို ကိုယ့်ပိုက်ဆံလေးနဲ့ကိုယ် သွားပြီးတော့ ထိုးတယ်၊ မရဘူး၊ ဘယ်လိုကြောင့်ရတယ်တော့ မသိဘူး၊ အဲ့ဟာ၊ ဆေးက ခုပြောသလို သောက်တုန်း လိမ်းတုန်းပဲ၊အဲ့ ဒါနဲ့ ညီမတိုက ခု ဘာလေး လုပ်နေရတုန်းဆိုတော့ ပိုက်ဆံ မတတ်နိုင်တော့ ခု ထန်းနိုခြောက်လေးတွေကို ပြာချ၊ ပြာချပြီး အုန်းဆီလေးနဲ့ လိမ်းပေးနေတာ၊ အဲ့လိုလေးတွေ လုပ်ပေးနေတာ၊ ရေမသန့်လို လိုတော့ ထင်တာပဲ၊ ခု ပြောသလို တွင်းရေချိုးပြန်တော့လည်း တွင်းရေက မလုံလောက်တော့ သုံးရေနဲ့ မလုံလောက်တော့ အဲ့ရေက မချိုးရဘူးလေ၊ အခုလိုမျိုး ဒီလို မြောင်းတွေထဲက ရေတွေ ချိုးရတာ၊ အဲ့ဒါနဲ့ ချိုးစရာ နေရာမရှိတာနဲ့ မနေ့ကမှ စပြီး ဟိုနားလေး ကိုယ့်ဟာကိုယ် တွင်းလေးတူးထားတာ၊အဲ့ လိုလေးချိုး၊ တခါတလေကျလည်း ကလေးတွေက စပ်ပူစပ်လောင်ဖြစ်၊ နေကောင်းသွားလိုက်၊ မကောင်းလိုက်၊ အဲ့လိုလေးတွေ ဖြစ်တယ်၊ ကလေးမှ မဟုတ်ဘူး၊ လူကြီးတွေရော၊ အဲ့လိုဖြစ်တယ်၊ အများစုက ကလေးတွေ၊ လူကြီးတွေလည်း တခါတလေ ဖြစ်တယ်၊ ညီမဆိုရင် သေးသေးလေးကနေ ခုချိန်ထိ မပျောက်တော့ဘူး၊ ဒီလိုလေးတွေ၊ ပေါက်စကွေးလေးကနေ ဒီလိုကြီးဖြစ်သွားတာ၊ ခုချိန်ထိ မပျောက်ဘူး၊ အဲ့လိုမျိုးတွေ” လို့ မတ္တရာမြိုနယ်ကနေ စစ်ဘေးတိမ်းရှောင်လာရတဲ့ အသက် ၃၀ ကျော်အရွယ် မိခင် မစိုးစိုးစံက ပြောပါတယ်။

တခြားကျေးရွာတွေက ဆေးရုံဆေးခန်းအထိ သွားရောက် ကုသဖိုအတွက် ဆိုင်ကယ် ဆီဖိုးနဲ့ ဆေးဖိုးလည်း မပြည့်စုံကြဘူးလို စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဆေးရုံဆေးခန်းကနေ ပေးတဲ့ဆေးဝါးနဲ့ ကုသပေမယ့် မသန့်ရှင်းတဲ့ရေကိုပဲ ဆက်တိုက် သုံးစွဲနေရတာ၊ မိုးတွင်းကာလ ဖြစ်တာ၊ အဝတ်အစား မပြည့်စုံတာတွေကြောင့် အရေပြားရောဂါဟာ ရှင်းရှင်းလင်းလင်း မပျောက်ကင်းဘဲ ကြားရှည် ဖြစ်ပွါးနေတယ်လို စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်ကြသူတွေထဲမှာ အရေပြားရောဂါအပြင် ဝမ်းရောဂါဖြစ်ပွါးသူ တချိုလည်း ရှိကာ နေထိုင် မကောင်းချိန် ဆေးကုသဖိုပင် ငွေကြေးခက်ခဲနေကြတယ်လို စစ်ဘေးတိမ်းရှောင်လာသူတွေက ပြောပါတယ်။

မတ္တရာမြိုနယ်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ အသက် ၄၀ ဝန်းကျင် အရွယ် ဒေါ်ဖြူဝင်းကလည်း အခုလို ပြောပါတယ်။

”ကလေးတွေ တော်တော်ကို ဖြစ်နေတာ၊ ကလေးတွေ၊ ယားတာ၊ ကုပ်ရာကနေ အနာလေးတွေ အဲ့လိုလေး ဖြစ်ကြတယ်၊ အရေပြားပေါ့၊ ကလေးတွေ စပြီးဖြစ်နေကြတာ၊ အခု မိုးကျတော့ ပိုဆိုးတာပေါ့၊ အရေပြားလေးတွေ ယားကြတော့ ကုပ်ကြတော့ ကလေးတွေက၊ လူကြီးတွေကတော့ နည်းနည်း ဆင်ခြင်တရား ရှိတယ်၊ ကလေးတွေကျ ဆင်ခြင်တရား မရှိတော့ ကလေးတွေဆိုတော့ နားမလည်တော့ ဖြစ်နေကြတာ၊ သူတို ယားလိုကုပ်တာကနေ အနာဖြစ်တာပေါ့၊ ဝမ်းတွေ ဘာတွေကတော့ ပျက်တယ်၊ ဟိုတနေ့က ဟိုနားက ကလေးမအေကလည်း ပျက်ရှာတာ၊ ကလေးတွေကတော့ ဝမ်းတွေလျှောကြတာပေါ့၊ အခုက လူကြီး နည်းနည်း စဖြစ်လို မနေ့က ဆေးထိုးသွားရတယ်”

အဲ့ဒီ စစ်ဘေးဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ မြိုနယ်တွေက တော်လှန်ရေး အဖွဲအစည်းတွေ၊ တပ်ရင်းတပ်ဖွဲတွေက တတ်နိုင်သလောက် ရေတွင်းတူးပေးတာ၊ ဆေးဝါး ကုသဖိုကူညီတာတွေ ရှိတယ်လိုလည်း သိရပါတယ်။

မိုးတွင်းကာလ ရောက်ပြီဖြစ်တာကြောင့် ရေရှည် စစ်ဘေးရှောင်နေကြရသူတွေ အနေနဲ့ ရာသီဥတု ဒဏ်နဲ့အတူ အရေပြားရောဂါ မပျောက်ကင်းတော့ပဲ ကြာရှည်ဖြစ်ပွါးမှာကို စိုးရိမ်နေကြတယ်လိုလည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဆင်နွှဲခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း မတ္တရာမြို့နယ် အတွင်းရှိ မြို့၊ရွာတွေနဲ့ စစ်စခန်းအများအပြားကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၂၅ နှစ်လယ်ပိုင်းမှာတော့ အာဏာသိမ်း စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသုံးပြုကာ လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေ အပါအဝင် မတ္တရာနယ်အတွင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး တန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်အုပ်စုဟာ မတ္တရာနယ်ရှိ စစ်စခန်းတွေ၊ မြို့၊ရွာတွေကို ပြန်သိမ်းယူနိုင်ရေး ထိုးစစ်ဆင်ရာမှာ ပည်သူကို အဓိက ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်သလို မြို့၊ရွာတွေ ပြန်သိမ်းယူနိုင်ပြီးနောက်မှာလည်း ဒေသခံပြည်သူတွေကို ရန်ပြုတာ၊ ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ငွေညှစ်တာ၊ စိတ်ထင်တိုင်း သတ်ဖြတ်တာတွေ ကျူးလွန်နေတာကြောင့် မတ္တရာနယ်ရှိ ထောင်းသောင်းချီတဲ့ ပြည်သူတွေက ၂၀၂၅ က စတင်ကာ ယနေ့အထိ စစ်ဘေးရှောင် ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။

မန္တလေးတိုင်း မတ္တရာနယ်ကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးကာ တောတောင်ထဲ ခိုလှုံနေထိုင်ကြတဲ့ ပြည်သူတွေ/Photo – ထင်လင်း/MFP

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #မတ္တရာစစ်ဘေးရှောင်

Related Articles

Back to top button