ယင်းမာပင်နယ်ထဲ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ရွာမီးရှို့နေ၊

နေအိမ်တွေ ဖောက်ထွင်းပြီး ခိုးရာပါပစ္စည်းတွေ ယင်းမာပင်မြို့ဆီ ကားနဲ့ သယ်ထုတ်၊
သုထက်/MFP၊ မေ- ၁၀
စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ် အနောက်ခြမ်း၊ ယက်းမာပင်နဲ့ ပုလဲမြို့နယ်အစပ် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက တစ်လကျော်ကြာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး လူသတ်၊ လုယက်၊ မီးရှို့တာနဲ့ ခိုးရာပါပစ္စည်းတွေကို ကားနဲ့သယ်ထုတ်တာတွေ ဆက်လက် ကျူးလွန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သင်္ကြန်မတိုင်ခင် ဧပြီ ၈ ရက်က စပြီး စစ်အုပ်စုက အင်အား ၇၀၀ လောက်အထိ သုံးကာ အဖွဲ့တွေခွဲပြီး ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ် ကျေးရွာတွေကို ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ သင်္ကြန်ကာလအတွင်း ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာကို အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသလို တမာပင်ခွရွာ၊ အေးကုန်းရွာနဲ့ ပုလဲမြို့နယ် သရက်ကန်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သရက်ကန်ရွာအနီးမှာ အမျိုးသား သုံးဦးကို သတ်ဖြတ်စွန့်ပစ်ပါတယ်။

ယခု မေလမှာလည်း စစ်အုပ်စုက ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေပြီး မေလ ၂ရက်က ယင်းမာပင်နယ် အင်တောရွာကို မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၄၀ ခန့် မီးလောင်ပြာကျသလို မေလ ၆ရက်ကလည်း နုံးတန်းရွာက အသက် ၆၀ အရွယ် ပြည်သူအမျိုးသားကြီတစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
“ဒေသခံပြည်သူ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ အခု မိုးကရွာ၊ နေစရာ၊ စားစရာ မရှိ၊ ကူကယ်ရာမဲ့ ဘဝတွေပါ။ စစ်ကြောင်းက မပြန်သေးဘူး” လို့ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားတဲ့ အင်တောရွာခံတစ်ဦးက MFP ကို ပြောပါတယ်။
မေလ ၆ရက်က ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာထဲ ယာယီစခန်းချနေတဲ့ စစ်အုပ်စုဟာ ရွာရဲ့ အနောက်ဘက်ရှိ နုံးတန်းရွာကို စီးနင်းလုယက်ခဲ့ပြီး ကျေးရွာအတွင်း တွေ့ရှိတဲ့ အသက် ၆၀ အရွယ် ဦးဆန်းဝင်းကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်နယ် အနောက်ခြမ်းကို တစ်လကျော်ကြာ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိပစ္စည်းတွေ ခိုးယူကာ ခိုးရာပါ ပစ္စည်းတွေကို ကားနဲ့တင်ပြီး ယင်းမာပင်မြို့ဆီ သယ်ထုတ်နေတာလို့ ဆိုပါတယ်။
“စစ်သားတွေက အင်အားသုံးပြီး ပတ်မွှေနေတာ၊ ရိက္ခာတွေ စုတယ်၊ မီးတွေလည်း ရှို့နေတယ်၊ ဒေသတွင်း ပြည်သူတွေ ဒုက္ခရောက်လှပါပြီ”လို့ ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ တွေ့သမျှပြည်သူကို ဖမ်းဆီး၊ သတ်ဖြတ်၊ ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းကာအဖြစ် အသုံးချနေတာကြောင့် ယင်းမာပင်နယ် အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲနယ်အစပ် ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေ တစ်လကျော်ကြာ ရှိလာပြီး စားသောက်၊နေထိုင်ရေး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ယင်းမာပင်မြို့နဲ့ တရုတ်ပိုင် ကြေးနီစင်ရုံတွေကြား ကျေးရွာတွေကိုလည်း ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်၊ မုံရွာ – ယာဝကီး – ကလေးဝ လမ်းတလျှောက်ကိုလည်း စစ်ကြောင်းထိုးနေပါတယ်။
ယင်းမာပင်နယ် အနောက်ခြမ်း အပါအဝင် ယင်းမာပင်နယ်ထဲ စစ်အုပ်စုက အင်အား ထောင်ဂဏန်းအထိ သုံးကာ အဖွဲ့တွေ ခွဲပြီး စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်တနယ်လုံးကို နယ်မြေစိုးမိုးနိုင်ရေးနဲ့ မုံရွာ – ယင်းမာပင် – ပုလဲ – ဂန့်ဂေါလမ်း၊ မုံရွာ – ယာဝကီး – ကလေးဝ လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အခုလို အင်အားသုံး စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ ရန်ပြုလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေနဲ့ မေလ ၂ရက်က ယင်းမာပင်နယ် အင်တောရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



