စစ်ကိုင်းသတင်း

ဝက်လက်နယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဗုံးကြဲ၊

ဗုံးတချို့ မပေါက်ကွဲလို့ ရဟန်းသံဃာနဲ့ ပြည်သူတွေ သက်သာရာရ၊

 ဝင်းသိန်း/MFP၊ မေ -၁၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာ ဘုန်းတော်ကြီး ကျောင်းကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်တွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

မေလ ၁၃ရက် ဒီကနေ့ မွန်းလွဲပိုင်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ နဘဲပင်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးတစ်လုံး ပေါက်ကွဲကာ တစ်လုံးက မပေါက်ကွဲဘဲ ကျန်ရှိနေတာကြောင့် ရဟန်းသံဃာနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးမူ မရှိဘဲ သက်သာရရခဲ့တာလို့ ဒေသခံ လူငယ် အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“လူနဲ့ သံဃာတွေ တစ်ယောက်မှ အထိအခိုက် မရှိပါဘူး။ ဗုံးသီးက နှစ်လုံးချ၊ တစ်လုံးကွဲပါတယ်။ မကွေးတက် ဖိုက်တာကနေ ၁၂နာရီ ၁၅ မိနစ်မှာ ကြဲချတိုက်ခိုက်ခဲ့တာ”

စစ်အုပ်စုက ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဗုံးတစ်လုံး ပေါက်ကွဲတာကြောင့် ဓမ္မာရုံကြီး တစ်ဆောင်လုံး ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။

မေလ ၆ ရက်ကလည်း ဝက်လက်မြို့နယ်၊ စခန်းသာ (ခေါ်) ချက်ပြဲကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ပြည်သူတွေ အိပ်မောကျနေတဲ့ ညသန်းခေါင်အချိန် တိုက်လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ရာ အမျိုးသမီးကြီး အပါအဝင် ရွာခံ အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ကလေးငယ် အပါအဝင် ပြည်သူ သုံးဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

စစ်အုပ်စုဟာ ဝက်လက်နယ် ကျေးရွာတွေကို နေ့၊ည အချိန်မရွေး တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပြီး မေ လ ၄ရက်ကလည်း ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲရာ နေအိမ်ထဲ ကျရောက်ပေါက်ကွဲပြီး ရွာခံပြည်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ပါတယ်။

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူတွေ လေကြောင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက်  ကျေးရွာတွေမှာ အရေးပေါ် လေကြောင်းအသိပေးစက်တွေ တပ်ဆင်နိုင်ဖို့ လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့မှာ အထိုင်စက်က သုံးခုပဲရှိတယ်။ စက်က တစ်လုံးဆို သိန်း (၅၀) လောက် ကုန်ကျနိုင်တယ်။ စက်က(၅၀) တော့ မရှိဘူး။ ဒါပေမယ့် ဆိုလာလိုမယ်။ ဘထ္ထရီလိုမယ်။ ဒါတွေ ဖြည့်ရတာဆိုတော့ ကုန်တာပေါ့။ ဒါတွေ ဖြည့်ထားနိုင်ရင်တော့ အချိန်မှီ ဗုံးခိုကျင်းထဲ ခိုလုံတာ ၊ပုန်းအောင်တာ လုပ်နိုင်တာပေါ့ “

လေကြောင်းအန္တရာယ် သတိပေးစက်တွေ တပ်ဆင်ပေးနိုင်မူ မရှိသေးတာကြောင့် ဗုံးခိုကျင်းတွေ တည်ဆောက်ဖို့ပဲ အားထားလုပ်ဆောင်နေရပြီး အရေးပေါ် လေကြောင်းအန္တရာယ် အသိပေးစက် လုံလောက်အောင် တပ်ဆင်ပေးနိုင်မူ မရှိတာကြောင့် အသက်ဆုံးရှုံးတွေ ရှိနေရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အရပ်သားပြည်သူကို အဓိက ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမူတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သား ပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ဝက်လက်နယ် ဘုန်းကြီးကျောင်းကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ဗုံးတစ်လုံး ပေါက်ကွဲလို့ ပျက်စီးတဲ့ ဓမ္မာရုံနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးကို တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဝက်လက် #ဘုန်းကြီးကျောင်းဗုံးကြဲ

Related Articles

Back to top button