
မင်းတပ်မြို့ ပြန်ရရေး ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်း၊
လှိုင်း/MFP၊ မေ – ၁၃
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက အင်အား အများအပြားနဲ့ နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က MFP ကို ပြောပါတယ်။
မေ ၁၂ ရက် မနက်ပိုင်း ယောဒေသတောင်ပိုင်း၊ လောင်းရှည်မြို့ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ – ၂၅ ကနေ ထွက်လာတဲ့ စစ်ကား ၁၇ စီးနဲ့ အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဆောမြို့နယ်ဘက်ကို ဦးတည်လာသလို ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ – ၂၄ ကနေ ထွက်လာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါရှိတဲ့ စစ်အုပ်စု စစ်ကြောင်းဟာလည်း ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ဘက်ကို ဦးတည်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စလင်းချောင်းနဲ့ ရင့်ရဲချောင်း နှစ်ချောင်းလုံးကိုကျော်လာပြီး ဖိုးခြင်တောင် တောင်ကုန်းမှာ မိုင်းရှင်း မိုင်းခင်း လုပ်နေကြပါတယ်။ စစ်ကြောင်းကတော့ လောင်းရှည်မြို့နားမှာဘဲ ရှိနေကြတယ်” လို့ လောင်းရှည်မြို့မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် မေ ၁၁ ရက်မှာ ပေါက်မြို့နယ်၊ ရေဖြူကျေးရွာကနေတဆင့် ထွက်လာတဲ့ ကပစ ၂၄ ဘက်ကလာတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါရှိတဲ့ စစ်ကြောင်းဟာလည်း မေ ၁၂ရက် ညပိုင်းမှာ ပခုက္ကူ – မင်းတပ် ကားလမ်းပေါ်မှာရှိတဲ့ ပုံတောင်ခြေရင်းကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
“စစ်ကြောင်းက ရေဖြူကနေ ပလောင်း၊ ကျောက်မဲတောင်၊ ကျောက်တံခါးကနေ ဒီည (မေ၁၂) ပုံတောင်ခြေရင်း ရောက်လာတာ။ ညနေကလည်း ပေါက်မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ ဒရုန်းတွေနဲ့ ဗုံးသီး ချတယ်။ ကျောက်တံခါးက ပေါက်နယ်ထဲက ရွာပါ၊ ပြီးရင်တော့ ဆောနယ်ထဲကို ရောက်ပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းဟာ တောင်ယောဒေသ ဖြစ်တဲ့ ဆောနဲ့ ကျောက်ထုကို ဖြတ်ပြီး ချင်းပြည် မင်းတပ်မြို့ကို ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းပါတယ်။
စစ်အုပ်စုကတော့ ဆော၊ ကျောက်ထုနယ်နဲ့ ထိစပ်နေတဲ့ မင်းတပ်မြို့ကို မန္တလေးမြို့ တံတားဦး၊ မိထ္တီလာနဲ့ နေပြည်တော် (အေလာ) လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကို ခပ်စိပ်စိပ်လုပ်နေပါတယ်။
ဒါ့အပြင် ဆော – ကျောက်ထု – မင်းတပ်လမ်းဆုံမှာ အထိုင်ချတပ်စွဲနေတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းကလည်း ကံကြီးရွာမှာ အခိုင်အမာ တပ်စွဲနေတဲ့အပြင် ကျောက်ထု အမြောက်တပ်ရင်း (အမတ – ၃၆၈) ကလည်း အနီးတဝိုက်က ရွာတွေကို ဒရုန်းနဲ့ ဗုံးသီးချတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ် ကံကြီးရွာဟာ ဆောမြို့နဲ့ ၁၉ မိုင်ခန့်အကွာမှာ တည်ရှိပြီး ရခိုင်-မကွေး-ချင်းပြည် ကုန်သွယ်ရေး လမ်းပေါ်က အချက်အချာကျတဲ့ နေရာဖြစ်ကာ ဧပြီ ၂၅ရက်က စလို့ အဲ့ဒီ ကံကြီးလမ်းဆုံမှာ စစ်အုပ်စု အထိုင်ချ တပ်စွဲထားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒေသခံပြည်သူတွေကို စစ်ကြောင်းအနီးတဝိုက်မှာရှိတဲ့ လမ်းပိုင်းတွေမှာ သွားလာ တာတွေ မပြုလုပ်ဖို့နဲ့ လေကြောင်းအန္တရာယ် ဂရုစိုက်ဖို့လို့ တော်လှန်ရေးတပ်တွေက အသိပေး ထားပါတယ်။
ချင်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်းနဲ့ ထိစပ်နေတဲ့ မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာက စတင်ကာ ချင်းတော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည် ဒုတိယမြို့တော် ဖလမ်းမြို့ကို အာဏာသိမ်း စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းထားသူတွေကို အသေခံ စစ်သားအဖြစ် အသုံးချကာ မြို့ကို ပြန်ရအောင် သိမ်းယူခဲ့ပြီးနောက် ယခုလို မကွေးတိုင်းနဲ့ ချင်းပြည် အစပ်ရှိ ဆောမြို့နယ်ဘက် စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ဆောမြို့ #မင်းတပ်



