စစ်မှုထမ်း လူစားထိုး စျေးကွက် ကျပ်သိန်းရာချီ စျေးပေါက်ပြီး ငွေကြေးတတ်နိုင်သူတွေက လူစားထိုး ထည့်နေ၊
ဖိုးချို/MFP၊ မေ- ၁၄
မန္တလေးမြို့မှာ ၂၀၂၄ နှစ်ဆန်းက စတင်ပြီး နေ့စဉ် လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်း၊ ငွေညှစ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက ယခုလတွေအတွင်း မူးယစ်ဆေးပစ်ကာ အမှုဆင်ဖမ်းတီးတာတွေ ပိုပြီး လုပ်လာတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု လက်အောက်ခံရဲနဲ့ ပျူစောထီးတွေက မန္တလေးမြို့ပေါ်ရှိ လူငယ်တွေကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး အပြစ်ရှာဖမ်းဆီးကာ စစ်သားသစ် စုဆောင်းတာ၊ ငွေညှစ်တာတွေ ပိုမို အရှိန်မြှင့် လုပ်လာတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့ခံ အထက်တန်းကျောင်းသား လူငယ်တစ်စုကို စစ်အုပ်စုက မူးယစ်ဆေး သုံးတယ်လို့ စွပ်စွဲကာ အမှုဆင် ဖမ်းဆီးသွားတယ်လို့ အဲ့ဒီဖြစ်စဉ်ကို သိရှိသူ မန္တလေးမြို့ခံ မိဘတစ်ဦးက MFP ကို ပြောပါတယ်။
“ကလေးတွေက အခုမှ အထက်တန်း တက်နေတုန်း ကျောင်းသားတွေ၊ ငယ်သေးတယ်၊ မူးယစ်ဆေးက သုံးလည်း မသုံးပါဘူး၊ ဒါကို သက်သက်စွပ်စွဲ ပုဒ်မတပ်တာ၊ နောက်ကလိုက်ပြီး ဖြေရှင်းမှ ကျောင်းသားတွေမို့ ပြန်လွှတ်ပေးခဲ့တယ်၊ တချိုကိုတော့ စစ်မှုထမ်း ပို့လိုက်တယ်လို့ သိရတယ်၊ ဘာမှ မဟုတ်ဘူး၊ စွပ်စွဲပြီး စစ်မှုထမ်း လူရဖို့ လုပ်နေတာ၊ ငွေရှာတာ၊ လူငယ်တွေ အသွားအလာ သတိထား စေချင်တယ်”

မေလ ၄ ရက်ကလည်း မန္တလေးမြို့၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေး အထွက်နားရှိ မူးယစ်ဆေး သုံးစွဲနေရာတစ်ခုကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးပြီးနောက် အဲဒီထဲက ၃၅ နှစ် မပြည့်သေးသူ အချို့ကို စစ်သားသစ် စုဆောင်းပြီး တချို့ကိုတော့ မူးယစ်ဆေးအမှုနဲ့ စစ်အုပ်စုက တရားစွဲ ငေညှစ်နေတယ်လို့ မန္တလေးမြို့ခံ မြေပြင်ကင်းထောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Voice Of Mandalay – VoMdy က ဖေါ်ပြပါတယ်။
ဒါ့အပြင် မေလ ၆ရက်နဲ့ ၇ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း (မနော်ရမ္မံ ကစားကွင်း အရှေ့ဘက်) ကျောင်းကုန်းရပ်ကွက်အတွင်း အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကို စစ်အုပ်စုက ပေးတာဆွဲ လူသစ်စုခဲ့သလို မေလ ၈ရက်ကလည်း ချမ်းအေးသာစံမြို့နယ်၊ ၆၃ လမ်းနဲ့ ၃၂ လမ်းပေါ်ရှိ လက်ဘက်ရည်ဆိုင်မှာ လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးကို ကျပ်သိန်း ၃၀ ပေးမယ်လို့ ပြောဆိုစည်းရု့းကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းသွားတယ်လို့ VoMdy က ဖော်ပြပါတယ်။
မန္တလေးမြို့မှာ စစ်အုပ်စုက လူငယ်တွေကို ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးကာ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး စစ်မှုထမ်း လူသားထိုးဖို့အတွက် ပြန်လည် ရောင်းစားနေကြတာလို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့ပေါ်ရှိ ငွေကြေးချမ်းသားသူမိသားစုတွေဟာ သူတို့သားသမီးတွေကို စစ်မှုထမ်း မထည့်ဘဲ လူစားထိုးနိုင်ဖို့အတွက် ရပ်ကွက်အဆင့် စစ်အုပ်စု လက်နက်ကိုင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေနဲ့ ညှိနှိုင်းကာ လူအစားထိုးနေလို့ ဆိုပါတယ်။
မန္တလေးမြို့မှာ စစ်မူထမ်း လူစားထိုးဖို့အတွက် တစ်ယောက်ကို အနည်းဆုံး ကျပ်သိန်း ၁၀၀ ပေါက်ဈေးရှိကာ လူမှောင်ခိုဈေးကွက်တစ်ခုလို ဖြစ်နေတာကြောင့် စစ်အုပ်စု လက်စပ်မွေးထားတဲ့ လက်နက်ကိုင်တွေက မြို့၊ရွာ၊ ရပ်ကွက်တွေထဲ နည်းမျိုးစုံသုံးကာ ပေါ်တာဆွဲ လူသစ်စုဆောင်းနေကြတာ ဖြစ်တယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“အခုဟာ အသက်က အရေးမကြီးဘူး၊ အသက်ကန့်သတ်ချက် ကျော်လည်း အရွယ် တင်တယ်၊ လူက သန်မာတယ်ဆို (ပေါ်တာ) ဆွဲမှာပဲ၊ အသက်သတ်မှတ်ချက် မမီသေးလည်း လူက ထွားတယ်ဆို အရွယ်ရောက်တယ် ဖမ်းပို့တာပါပဲ၊ အတတ၊ အူတူတူတွေဆို ဘာမှ ပြောမေနဘူး၊ ဖမ်းသွား လိုက်တာပါပဲ၊ လိုက်လာလို့ လာရွေးလည်း ပိုက်ဆံရမယ်၊ မလိုက်လာလည်း ပြန်ရောင်းရင် ပိုက်ဆံ ရနေတာ ဆိုတော့ ဒီကောင်တွေ လုပ်စားကြတာပေါ့”
ရပ်ကွက် အုပ်ကြီးဆိုသူတွေကလည်း ယခင်က သူခိုးမိတယ်ဆိုရင် ရဲစခန်းပို့လေ့ရှိပေမယ့် လက်ရှိမှာတော့ စစ်မှုထမ်း လူစားထိုး စျေးကွက်ကြောင့် သူခိုး၊ဂျပိုးတွေကို ဖမ်းမိပါကလည်း အမှုမကပ်တော့ဘဲ ရပ်ကွက်ရုံးမှာပဲ ဖမ်းဆီးထားကာ စစ်မှုထမ်းအတွက် လူစားထိုး ရောင်းစားဖို့ လူ အရောင်းအဝယ် လုပ်နေကြတယ်လို့ စစ်အုပ်စု အသိုင်းအဝိုင်းနဲ့ နီးစပ်သူ မန္တလေးမြို့ခံ တစ်ဦးကလည်း MFP ကို ပြောပါတယ်။
“လူအစားထိုးဖို့ ရတဲ့ပိုက်ဆံကို ဖမ်းမိတဲ့ သူခိုးကိုလည်း ဝေမျှပိုက်ဆံပေးတယ်၊ သူခိုးကလည်း မဟုတ်လည်း အဖမ်းခံရမယ့် အတူတူ ပိုက်ဆံယူပြီး ဝင်လိုက်တာပေါ့၊ အခု အိမ်တွေမှာ လိုက်ခိုးတဲ့ သူခိုးတောင် အတော်ရှားသွားတယ်”

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းရှိ လူငယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ အသေခံစစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက ပေါ်တာဆွဲသူတွေကို အသေခံစစ်သားအဖြစ် အသုံးချနိုင်ဖို့ ရက်တို သင်တန်းပေးနေတာ ဖြစ်ပြီး စစ်သင်တန်း အပတ်စဉ်တစ်ခုကို လူအင်အား ငါးထောင်နှုန်း နဲ့ စုဆောင်း သင်တန်းပေးနေခဲ့ကာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ရှိနေပြီမို့ ပေါ်တာဆွဲခံရသူ အနည်းဆုံး လူတစ်သိန်း ရှိပြီ ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ် စစ်ဆေး၊ ငွေညှစ်၊ ပေါ်တာဆွဲတာတွေ လုပ်နေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #စစ်ကိုင်း #ပေါ်တာဆွဲစစ်သားသစ်



