ပခုက္ကူကနေ တခြားမြို့တွေဆီ စားကုန်၊သုံးကုန် ပို့ဆောင်ခွင့် စစ်အုပ်စု ပိတ်ပင်၊
မကွေးတိုင်း အနောက်ခြမ်းနဲ့ ချင်းပြည်ဘက် စစ်အုပ်စု အင်အားသုံး ထိုးစစ်ဆင်နေသလို ဖြတ်လေးဖြတ် အရှိန်မြင့် လုပ်လာ၊

လှိုင်း/MFP၊ မေ ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ တခြားမြို့တွေဆီကို စားသောက်ကုန်နဲ့ လူသုံးကုန် အပါအဝင် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်တာတွေ အာဏာသိမ်း စစ်အုပ်စုက ကန့်သတ် ပိတ်ပင်လိုက်ပြီး ပခုက္ကူမြို့ကို စျေးဝယ် သွားတဲ့ ယာဉ်တွေ ခါလီ လှည့်ပြန်လာနေကြရတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
မေ ၁၃ ရက်က စပြီး ပခုက္ကူမြို့တွင်းဂိတ်တွေကနေတဆင့် တခြားမြို့တွေကို စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်နဲ့ ကုန်စိမ်း၊ ကုန်ခြောက် ပစ္စည်းတွေကို အကြောင်းပြချက် မရှိဘဲ သယ်ယူ တင်ဆောင်ခွင့် ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။
“ပခုက္ကူမြို့ကနေ အထွက်ကို လုံးဝ မရတော့တာ။ ပခုက္ကူမြို့ထဲကိုတော့ ပစ္စည်းတွေ ကြိုက်သလောက် ဝင်လို့ ရတယ်။ ကားဂိတ်တွေကို မေးတော့လည်း တိကျတဲ့အဖြေ မရဘူး။ ဒီတိုင်း ပို့လို့မရတာလို့ဘဲ ပြောတယ်။ အလှကုန်၊ အဝတ်အထည်၊ အစားအစာ ဘာတစ်ခုမှ အထုတ်မခံတာပါ” လို့ ပခုက္ကူမြို့က အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မကွေးတိုင်း အနောက်ခြမ်းရှိ တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီနဲ့ ဖုန်း၊ အင်တာနက် ပိတ်ဆို့ဖြတ်တောက်တာတွေကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက လုပ်ဆောင်နေတာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပိုမို တင်းကြပ်ပိတ်ဆို့ခဲ့သလို လက်ရှိမှာ အလုံးစုံ ဖြတ်တောက်ဖို့ ကြိုးစားတာလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ မကွေးတိုင်း အနောက်ခြမ်း၊ ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဆောနဲ့ ကျောက်ထုမြို့နယ်၊ မင်းဘူးခရိုင်ရှိ ရေနံချောင်း၊ ချောက်နဲ့ မင်းဘူး၊ စတဲ့ မြို့နယ်တွေမှာ အာဏာသိမ်း စစ်အုပ်စုက အင်အားသုံး ထိုးစစ်ဆင်နေသလို ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်တာတွေလည်း နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။
မကွေးတိုင်းအတွင်းရှိ စစ်အုပ်စု နယ်မြေစိုးမိုးနိုင်မှု မရှိတဲ့ ဒေသတွေဆီ ၂၀၂၅ နှစ်ကုန်ပိုင်းက စလို့ စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းထားသူတွေကို အသေခံ စစ်သားအဖြစ် အသုံးချကာ စစ်ကြာင်း ထိုးနေတာ ဖြစ်ပြီး လက်ရှိမှာ မြေပြင်ထိုးစစ် အရှိန်မြှင့်လာသလို ယခုလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပိတ်ဆို့ ဖြတ်တောက်တဲ့ ဖြတ်လေးဖြတ် ပုံစံကိုပါ အရှိန်မြှင့် လုပ်လာတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
“ပခုက္ကူမြို့ရဲ့ အနောက်ဘက်ခြမ်းဖြစ်တဲ့ ယော၊ ဆော၊ ပေါက် အစရှိသော နေရာတွေကို သွားနိုင်မယ့်၊ ရောက်နိုင်မယ့် လမ်းကြောင်းမှန်သမျှပေါ့နော်၊ အထူးသဖြင့် အနောက်ဘက်နဲ့ တောင်ဘက်တွေကို စစ်ကော်မရှင်က ဖြတ်လေးဖြတ်ပုံစံမျိုး စတင်ပိတ်တာ သုံးလေးရက် ရှိသွားပါပြီ။ ဒီအပေါ်မှာ ပြည်သူတွေနဲ့ တော်လှန်ရေးထဲမှာ ရှိတဲ့သူတွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းနဲ့ ခံနိုင်ရည် မူတည်မှာဘဲပေါ့နော်။ တပြိုင်နက် ဖြတ်လေးဖြတ် လုပ်နေရင်း စစ်ကြောင်းလည်း တပြိုင်တည်း ဝင်တဲ့ အနေအထားဆိုတော့ ပိုပြီး ဂရုပြု အလေးထားပြီး သေချာစီစစ်ပြီး အလုပ်လုပ်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်” လို့ ပခုက္ကူ မြို့နယ် လူသားစာနာတာဝန်ခံက မှတ်ချက်ပြုပါတယ်။

စစ်အုပ်စုက မကွေးတိုင်းထဲ ထိုးစစ် စနေတာ ဖြစ်တဲ့အတွက် ဒီလိုအခြေအနေမှာ ရိက္ခာ ဖြတ်တောက် တယ်လို့ ယူဆကြောင်း မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကလည်း ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မကွေးတိုင်း အနောက်ခြမ်း၊ ချင်းပြည်အစပ်၊ ရခိုင်နဲ့ ချင်းပြည်အတွက် ကုန်စည် ကူးသန်းရာမှာ အချက်အချာကျတဲ့ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ထဲကို အင်အား အများအပြားနဲ့ စစ်ကြောင်း ထိုးနေတာ ဖြစ်ပါတယ်။
ဆောမြို့ဘက်ကို ဦးတည်ကာ စစ်အုပ်စုက ပေါက်မြို့နယ်၊ ကပစ ၂၄ (လက်နက်စက်ရုံ) ကနေ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်း၊ ကပစ ၂၅ ကနေ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းနဲ့ နှစ်ဖက်ညှစ် စစ်ကြောင်းထိုးနေပြီး မေ ၁၄ ရက် ညနေမှာတော့ စစ်အုပ်စု အင်အား ၇၀၀ ခန့် ဆောမြို့ထဲ စီးနင်း ဝင်ရောက်ကာ တပ်စွဲအထိုင်ချတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ဆောမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရပါတယ်။

စစ်အုပ်စုရဲ့ ထိုးစစ်ကြောင့် ဆောမြို့နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနိုင်ပြီး မိုးတွင်းရောက်တဲ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ တော်လှန်ရေး တပ်တွေဘက်ကလည်း အသိပေး ထားတာကြောင့် ရိက္ခာပြတ်လပ်မှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပခုက္ကူကို ကုန်ဝယ်ဖို့သွားတဲ့ ကားတွေကတော့ ခါလီနဲ့ပဲ ပြန်လာရတော့မှာ။ ခါတိုင်းဆို ကုန်ဝယ်တာ၊ သွားတာ လာတာနဲ့က တစ်ပတ်ဆယ်ရက် ကြာတယ်လေ။ ကားတွေလည်း ပြန်ခေါက်လာမယ်လို့ ကြားတယ်။ ရိက္ခာထက် ရေသန့်၊ တကိုယ်ရည်သုံးတွေ ပြတ်သွားမှာ စိုးရိမ်တယ်” လို့ ယောဒေသ အတွင်းက ကုန်သည်တစ်ဦးက ဆိုပါတယ်။
မကွေးတိုင်းမှာ စစ်အုပ်စုရဲ့ လက်နက်စက်ရုံတွေဖြစ်တဲ့ ကပစ တွေ ၁၅ ရုံထိ ရှိနေပြီး အဲ့ဒီ ကပစ တွေကို အာရက္ခတပ်တော် – AA အပါအဝင် တော်လှန်ရေး တပ်တွေက တိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် နေရာ ဆက်ခံခွင့်ရတဲ့ စစ်ခေါင်းဆောင် ရဲဝင်းဦး ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က မကွေးတပ်နယ်ကို လာရောက်ပြီးနောက် အခုလို မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်ဘက်ကို စစ်အုပ်စုက အင်အားသုံး ထိုးစစ်ဆင်တာတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။
တော်လှန်ရေး တပ်တွေ အနေနဲ့ မကွေးတိုင်းထဲ မြို့လုံးကျွတ် သိမ်းပိုက်ထားတာ မရှိပေမဲ့ ချင်းပြည်မှာတော့ တော်လှန်ရေးတပ်တွေက မြို့၊ရွာ အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ချင်းတော်လှန်ရေးတပ်တွေ တစ်နှစ်ကြာ သိမ်းပိုက်ထားတဲ့ ချင်းပြည် ဒုတိယမြို့တော် ဖလမ်းမြို့ကို စစ်အုပ်စုက ဧပြီ ၂၅ရက်မှာ ပြန်လည် သိမ်းယူနိုင်ပြီးနောက် မင်းတပ်မြို့ အပါအဝင် ချင်းပြည် တောင်ပိုင်းရှိ မြို့တွေ ပြန်လည် သိမ်းပိုက်နိုင်ရေး မကွေးတိုင်းဘက်ကနေ စစ်ကြောင်းထိုးဖို့ ကြိုးစားနေပြီး လက်ရှိ ဆောမြို့ကို ရောက်ရှိနေလာတဲ့ စစ်အုပ်စုဟာ ချင်းပြည် မင်းတပ်မြို့ဘက် ဆက်လက် ဦးတည် စစ်ကြောင်းထိုးဖွယ် ရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ခန့်မှန်းပါတယ်။

ပခုက္ကူမြို့မှာ စစ်အုပ်စုက ခရီးသွားတွေကို တားဆီးစစ်ဆေး ငွေညှစ်နေစဉ် (ပုံဟောင်း)/Photo – MOI၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပခုက္ကူ #ကုန်စည်ပိတ်ဆို့



