
အီသာရမ်/MFP၊ မေ- ၁၅
မကွေးတိုင်း၊ ဆောမြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုဟာ မြို့ခံပြည်သူတွေနဲ့ လူငယ်တွေကို ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေကာ စစ်အုပ်စုရဲ့ စစ်ကြောင်းသုံးကြောင်းက ယောဒေသကို ဦးတည်စစ်ကြောင်းထိုးလာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မေလ ၁၄ ရက်နေ့မှာ လောင်းရှည်ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ခန့်မှန်းအင်အား ၃၀၀ ဝန်းကျင်ပါတဲ့ တပ်မ-၉၉ လက်အောက်ခံတပ်ရင်းတွေဟာ ဆောမြို့ပေါ်ကို ရောက်ရှိလာပြီး မြို့ခံပြည်သူတွေနဲ့ လူငယ် အယောက် ၂၀ ဝန်းကျင်ကို ဖမ်းဆီးနှိပ်စက်တာမျိုးတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


“ဖမ်းခံရတာတွေရှိတယ်၊အကြည်ကတင်းရွာက ဆောမြို့ပေါ်ကို သွားတာကို ဖမ်းခံလိုက်ရတာ၊ပြည်သူပါပဲ ကလေးပဲ ရှိသေးတာ လူကောင်ကြီးက ကြီးနေလို့ ၊စစ်ကြောင်းရှိတယ် ပြောနေလျက်နဲ့သွားတာ ဖမ်းခံလိုက်ရတာ မြို့ပေါ်က လူငယ် နှစ်ဆယ်လောက်လည်းဖမ်းခံထားရတယ်” လို့ သူကဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းရောက်တဲ့အချိန်မှာ ဆောမြို့အနီး အကြည်ကတင်းကျေးရွာက အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ မြို့ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင် နှိပ်စက်နေတဲ့ ရုပ်သံကို စစ်အုပ်စုက tik tok လူမှုကွန်ယက်မှာ တင်ထားခဲ့ပါသေးတယ်။
ဆောမြို့ပေါ်ကို စစ်အုပ်စုစစ်ကြောင်းဝင်ရောက်ချိန်မှာ စစ်အုပ်စုက မြို့ခံပြည်သူတွေကို ထွက်မပြေးကြဖို့ တားမြစ်ထားပြီး လူမရှိတဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ဒေသခံပြည်သူတွေက မရှောင်ကြရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆောမြို့ကို လောင်းရှည်ကပစကနေ စစ်ကြောင်းတစ်ကြောင်း၊ ဆိပ်ဖြူကပစ ကနေ တစ်ကြောင်းနဲ့ ပေါက်မြို့နယ်ကနေ တစ်ကြောင်းဆိုပြီး စစ်ကြောင်းသုံးကြောင်းဟာ စုစုပေါင်း ခန့်မှန်းအင်အား ၁၀၀၀ ခန့်လောက်နဲ့ ဦးတည်စစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းတွေက ဆောမြို့ကတဆင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် အခုလိုစစ်ကြောင်းထိုးလာနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေကလည်း အဆိုပါ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မေလ ၁၃ ရက်နေ့ကလည်း လောင်းရှည်ကပစက ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဖက်အထိအခိုက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
လတ်တလောမှာ စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ပေါက်မြို့နယ်၊ ထီးလင်းမြို့နယ်နဲ့ ဆောမြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံပြည်သူ တစ်သောင်းခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆောမြို့အနီး အကြည်ကတင်းကျေးရွာက အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးကို စစ်အုပ်စုက လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်နေစဉ်/ ဓာတ်ပုံ- SNS
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မကွေး#ဆော #စစ်ကြောင်းထိုး



