စစ်ကိုင်းသတင်း

မုံရွာ ယင်းမာပင်မှာ စစ်အုပ်စု စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညအချိန်မတော် မိုးရွာထဲ ထွက်ပြေးရ၊

နွားလှည်းနဲ့ တင်လာတဲ့ ခိုးရာပါ ပစ္စည်းတွေကို စစ်ကားနဲ့ ပြောင်းသယ်ဖို့ စစ်ကြောင်းထိုး တာဖြစ်၊

သုထက်/MFP၊ မေ – ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ မြစ်တဖက်ကမ်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုး ရန်ပြုလို့ ဒေသခံပြည်သူတွေ ညအချိန်မတော် မိုးရွာထဲ စစ်ဘေးရှောင် ထွက်ပြေးကြရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက MFP ကို ပြောပါတယ်။

မေလ ၁၄ ရက်၊ ည၈နာရီအချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခထဲကနေ ကားသုံးစီးနဲ့ လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်အုပ်စုဟာ ချင်းတွင်းတံတားကို ဖြတ်ပြီးနောက် အောင်ဇေယျ မြို့သစ်က တဆင့် ယင်းမာပင်နယ် စုန်းချောင်းရွာကို စစ်ကြောင်းထိုး ရန်ပြုတာကြောင့် ပြည်သူတွေ ထွက်ပြေးကြရတာလို့ ဆိုပါတယ်။

“ရွာထဲ ရုတ်တရက် ဝင်လာတာ၊ မိုးကလည်း ရွာတော့ ပြေးရတာ ကသီတာပေါ့။ အသက်ဘေးဆိုတော့ ပြေးရတာပေါ့” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မိုးရာသီကလည်း အဲ့ဒီ ယင်းမာပင်နယ် စုန်ချောင်းရွာကို စစ်အုပ်စုက အခုလိုပဲ ညဘက် မိုးရွာနေချိန် ရွာကို ရုတ်တရက်စီးနင်းကာ တွေ့သမျှလူကို ဖမ်းဆီးပြီးနောက် ရွာခံ ပြည်သူ ၁၂ ဦးကို ညှဉ်းပန်း သတ်ဖြတ်ခဲ့ပါတယ်။

စစ်အုပ်စုက ရွာကို စီးနင်းသတ်ဖြတ်တာတွေ ကျူးလွန်ဖူးတာကြောင့် ပြည်သူတွေ ကြောက်လန့်တကြာ အသက်လု ထွက်ပြေးကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကညပိုင်း ယင်းမာပင်နယ် စုန်းချောင်းရွာကို ရုတ်တရက် စီးနင်းတဲ့ စစ်အုပ်စုဟာ ကနီနယ်ထဲ စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်အုပ်စုကို လာကြိုတာဖြစ်ပြီး မေ၁၅ရက် ဒီကနေ့ မနက်၆ နာရီ အချိန်မှာတော့ နမခ ကနေ သံပြားကာ ကား (လူမပါ) ၁၃ စီး ထပ်မံ မောင်းဝင်လာတယ်လို့ ဆိုပါတယ်။

“ကနီနယ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးလာပြီး ကားနဲ့ လာသယ်တာ၊ မေလ ၁၄ရက် ညနေ ၆နာရီလောက်မှာ သမင်ခြံကနေ တရော်ကျင်းကို ကူးလာပြီး ဒီမနက် စုန်းချောင်းကို ရိက်ခါတွေ လာပို့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီ ၂၅ရက်က စတင်ပြီး မုံရွာ နမခ ကတဆင့် ကနီနယ်ထဲကို စစ်အုပ်စု စစ်ကြောင်းထိုးနေပြီး  ယင်းမာပင် – ကနီ ကားလမ်းတချှောက် ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့သလို ကနီနယ်ရှိ သမင်ခြံ၊ မင်းမ၊ သင့်ဝံ၊ ချောင်းမရွာတွေကို စစ်အုပ်စုက ထင်တိုင်းကျဲ ဖောက်ထွင်းလုယက်ပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို လှည်းတွေ၊ ထွေလာဂျီတွေနဲ့ တင်ကာ သယ်ယူလာတာလို့ ဆိုပါတယ်။

အဲ့ဒီ ကနီနယ်ဘက်ကနေ ခိုးလာတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို နမခထဲ သယ်ယူဖို့ အခုလို စုန်ချောင်းရွာကနေ လာရောက် စောင့်ကြိုတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီနယ်ကနေ ခိုးရာပါ ပစ္စည်းတွေကို စုန်ချောင်းရွာဘက် တင်ယူလာတဲ့ ပြည်သူပိုင် နွားလှည်း ၁၅စီး၊ နွား ၃၇ကောင်နဲ့ ထွေလာဂျီတစ်စီးကိုတော့ စစ်အုပ်စုက နမခ ထဲအထိ မသယ်ဘဲ ကွေ့ချောင်းရွာနဲ့ စုန်းချောင်းရွာအနီးမှာ စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၂ နှစ်ကုန်ပိုင်းက စလို့ သုံးနှစ်ကြာ ခြေမချနိုင်တဲ့ ကနီမြို့နယ်ထဲကို ဧပြီ ၂၅ရက်က စတင်ကာ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီးနောက် ယင်းမာပင် – ကနီ ကားလမ်းတလျှောက် ကျေးရွာတွေကို လေးရက်ဆက် မီးရှို့ဖျက်ဆီးကာ လူသတ်၊ လုယက်တာ ဖြစ်ပါတယ်။

မေ ၁၄ရက် ညပိုင်းက မုံရွာကနေ ယင်းမာပင်နယ်ဘက် စစ်အုပ်စု စစ်ကြောင်းထိုးလို့ မိုးရွာထဲ စစ်ဘေးရှောင် ထွက်ပြေးကြရတဲ့ ပြည်သူတွေ/Photo – NNO

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ

Related Articles

Back to top button