မကွေးသတင်း

ပခုက္ကူ၊ မြစ်ခြေနယ်မှာ စစ်အုပ်စုက ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး ရွာခုနှစ်ရွာကို မီးရှို့ဖျက်ဆီးသွား၊နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်က အသေအဆုံးရှိ၊

‌အီသာရမ်/MFP၊ မေ- ၁၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက မြစ်ခြေနယ်မှာ စစ်အုပ်စု စစ်ကြောင်းထိုး သတ်ဖြတ်လို့ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး သေဆုံးကာ၊ ရွာခုနှစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေလ ၁၀ ရက်နေ့ကစပြီး ပခုက္ကူတပ်မ ၁၀၁ ကထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ ညောင်ဦးမြို့က ထွက်လာတဲ့ စစ်အုပ်စုနဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်းတို့က မြစ်ခြေနယ်ကို ဦးတည်စစ်ကြောင်းထိုးလာတာပါ။

အင်အား၅၀၀ ဝန်းကျင်ပါတဲ့ အဆိုပါ စစ်ကြောင်းနှစ်ကြောင်းဟာ မြစ်ခြေနယ်ကို ဦးတည်စစ်ကြောင်းထိုးလာချိန်မှာ လမ်းတလျှောက်က ကူကျွန်းရွာ၊ လက်ပံကျွန်းရွာ၊အနောက်နံဂါတ်ရွာ၊ ဉယျာဉ်ကျေးရွာ၊ညောင်ပင်ကျေးရွာ၊ မိုးနက်ကုန်းကျေးရွာ နဲ့ ထန်းတောချောက်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သလို အဲဒီကျေးရွာတွေက ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်အုပ်စုဟာ မေလ ၉ရက်နေ့က အောင်သာပျူစောထီးစခန်းကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သလို မေလ ၁၄ ရက်နေ့ မနေ့ကလည်း အင်းဝိုင်းကျေးရွာက အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လမ်းပေါ်မှာ ထားခဲ့တယ်လို့ ဆိုပါတယ်။

“ကလေးငယ်က ဒရုန်းနဲ့ဗုံးသီးချတုန်းက သေသွားတာဗျ။ မနေ့က ပြည်သူက စစ်ကြောင်းက တခြားရွာမှာဆိုပြီး ရွာထဲနွားဝင်ကျွေးတာတဲ့။ အဲဒါမှ ရှေ့ပြေးတွေနဲ့တွေ့ပြီး သတ်ဖြတ်ခံလိုက်ရတာ။ ဒီနေ့ ကျွန်တော်တို့ ဒရုန်းနဲ့ကြည့်တော့ အလောင်းက လမ်းပေါ်မှာပဲ ရှိသေးတယ်၊ခွေးတွေလည်း ဆွဲနေတာ” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ငါးရက်အတွင်း အဆိုပါ စစ်အုပ်စုစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ဖမ်းမိထားသူတွေရှိသလို စစ်အုပ်စုတပ်သားတချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်အုပ်စုစစ်ကြောင်းတွေဟာ လတ်တလောမှာ အင်းဝိုင်းကျေးရွာမှာပဲ ရှိနေသေးတာကြောင့် မီးရှို့သွားတဲ့ ရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှု အ​ခြေအ​နေ အသေးစိတ်ကို မသိရသေးဘူးလို့လည်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုရန်ကြောင့် မြစ်ခြေနယ်က ဒေသခံပြည်သူထောင်နဲ့ချီဟာ ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေး‌တိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မေလ ဒုတိယပတ်အတွင်း မြစ်ခြေနယ်က ရွာတစ်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးနေစဉ်/ ဓာတ်ပုံ -ဒေသခံ

Related Articles

Back to top button