မကွေးသတင်း

ယင်းမာပင်မှာ စစ်အုပ်စုက နွားလှည်းနဲ့ တင်လာတဲ့ ခိုးရာပါ ပစ္စည်းတွေကို စစ်ကားနဲ့ ပြောင်းသယ်၊

ကနီနယ် ရွာစဉ်ပတ်မွှေကာ ရွာလေးရွာ မီးရှို့၊ ပြည်သူတစ်ဦးကို သတ်ကာ ၁၀ဦးကျော် ဖမ်းဆီး၊

သုထက်/MFP၊ မေ – ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ ဖောက်ထွင်းလုယက်၊ လူသတ်၊ မီးရှို့ပြီးနောက် နွားလှည်းတွေနဲ့ တင်ယူလာတဲ့ ခိုးရာပါ ပစ္စည်းတွေကို စစ်ကားတွေနဲ့ ပြောင်းလဲတင်ဆောင် သယ်ယူသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေလ ၁၄ ရက်၊ ည၈နာရီအချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ချင်းတွင်းတံတားကို ဖြတ်ကာ ယင်းမာပင်နယ် စုန်းချောင်းရွာကို ရုတ်တရက် စီးနင်းပြီးနောက် ကနီနယ်ဘက်ကနေ ဖောက်ထွင်းခိုးယူကာ နွားလှည်းတွေနဲ့ တင်ပြီး သယ်ယူလာတဲ့ ခိုးရာပါ ပစ္စည်းတွေကို စစ်ကားတွေနဲ့ ပြောင်းလဲတင်ဆောင်ကာ သယ်ယူသွားတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မနေ့က ညပိုင်း စုန်ချောင်းရွာကို စစ်ကားသုံးစီး၊ အင်အား ၁၅၀ နဲ့ ကနဦး စီးနင်းပြီးနောက် ဒီကနေ့ မနက်ပိုင်း နောက်ထပ် လူမပါတဲ့ စစ်ကား ၁၃ စီးနဲ့ ထပ်မံ လာရောက်ကာ အထက်ပါအတိုင်း ခိုးရာပါ ပစ္စည်းတွေနဲ့ ကနီနယ်ထဲ လူသတ်၊ လုယက်၊ မီးရှို့ပြီး ပြန်လာတဲ့ စစ်အုပ်စုကို ကားနဲ့ တင်ခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကနီနယ် ချောင်းမ၊ မင်းမ၊ သင့်ဝံ၊ သမင်ခြံ (ရွာ)က ခိုးယူခဲ့တဲ့ ပြည်သူပိုင် ပစ္စည်းတွေကို လှည်း၊ ထွေလာဂျီတွေနဲ့ သယ်လာပြီး စုန်းချောင်းရွာက အသင့်စောင့်နေတဲ့ စစ်ကား ၁၃ စီးနဲ့ တင်ဆောင်ကာ နမခ ထဲ သယ်သွားတယ်။ လှည်း၊ နွား​၊ ထွေလာဂျီတွေကို စုန်းချောင်းနဲ့ ကွေ့ချောင်းရွာမှာ ပစ်ထားခဲ့တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်

ခိုးရာပါ ပစ္စည်းတွေ တင်လာတဲ့ ပြည်သူပိုင် နွားလှည်း ၁၅စီး၊ နွား ၃၇ကောင်နဲ့ ထွေလာဂျီတစ်စီးကိုတော့ စစ်အုပ်စုက ကွေ့ချောင်းရွာနဲ့ စုန်းချောင်းရွာအနီးမှာ စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

“ကနီနယ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးလာပြီး (စုန်ချောင်းရွာအရောက်မှာ) ကားနဲ့ လာသယ်တာ၊ မေလ ၁၄ရက် ညနေ ၆နာရီလောက်မှာ သမင်ခြံကနေ တရော်ကျင်းကို ကူးလာပြီး ဒီမနက် စုန်းချောင်းကို (ခိုးရာပါပစ္စည်း) ရိက္ခာတွေ လာပို့တယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

စစ်အုပ်စုဟာ ဧပြီ ၂၅ရက်က စလို့ မုံရွာ နမခ ကတဆင့် ကနီနယ်ထဲကို အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးတာ ဖြစ်ပြီး ယင်းမာပင် – ကနီ ကားလမ်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ခဲ့ပါတယ်။ မေလ ၁၁ရက်မှာ ကနီမြို့ပေါ်ကနေ စစ်အုပ်စု အင်အား ၁၀၀ ကျော်နဲ့ ကနီ – ယင်းမာပင် ကားလမ်းတလျှောက် နှစ်ဖက်ညှပ် စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

ယင်းမာပင်နဲ့ ကနီမြို့ကြား နှစ်ဖက်ညှပ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကနီနယ်ရှိ မင်းမ၊ သင့်ဝံ၊ ချောင်းမ၊ မုဌော၊ သမင်ခြံ၊ ညောင်ပင်ဝန်းနဲ့ တန့်ဆည်ချောင်ရွာတွေကို အဓိကထား ဖောက်ထွင်း ခိုးယူ ပြီးနောက် မုဌော၊ သမင်ခြံ၊ ညောင်ပင်ဝန်းနဲ့ တန့်ဆည်ချောင်ရွာတွေကိုတော့ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မေ ၁၃ရက်နဲ့ ၁၄ရက်က သမင်ခြံနဲ့ မုဌောရွာတွေကို စီးနင်း လုယက် မီးရှို့ချိန် သမင်ခြံရွာခံ ပြည်သူ ၁၀ဦး ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ဒီကနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်၊ စွန့်ပစ်ခဲ့တဲ့ မုဌောရွာက အသက် ၅၀ ဝန်းကျင် အမျိုးသား တစ်ဦးကရဲ့ အလောင်းကို ရှာတွေ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ကနီနယ်ထဲ စစ်အုပ်စုက ဖမ်းဆီးသွားသူနဲ့ သတ်ဖြတ်ခဲ့သူ အရေအတွက်ကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

ယင်းမာပင်နဲ့ ကနီမြို့ကြား နှစ်ဖက်ညှစ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ တစ်ဖွဲ့က မုံရွာဘက် ပြန်ခေါက်ပြီး နောက်တစ်ဖွဲ့ကလည်း ဒီကနေ့ မေ၁၅ရက် ညနေ ၆နာရီမှာ ခိုးရာပါ ပစ္စည်းတွေကို နွားလှည်းတွေနဲ့ တင်ကာ ကနီမြို့ထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။ ယင်းမာပင်နဲ့ ကနီနယ်အစပ် ချောင်းမရွာထဲမှာတော့ စစ်အုပ်စု ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၂ နှစ်ကုန်ပိုင်းက စလို့ သုံးနှစ်ကြာ ခြေမချနိုင်တဲ့ ကနီမြို့နယ်ထဲကို ဧပြီ ၂၅ရက်က စတင်ကာ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီးနောက် ယင်းမာပင် – ကနီ ကားလမ်းတလျှောက် ကျေးရွာတွေကို လေးရက်ဆက် မီးရှို့ ဖျက်ဆီးကာ လူသတ်၊ လုယက်တာ ဖြစ်ပါတယ်။

ကနီနဲ့ ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ပြီးနောက် မုံရွာဘက် နောက်ကြောင်း ပြန်ခေါက်လာတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ

Related Articles

Back to top button