
စစ်အုပ်စုက လနဲ့ချီကြာ စစ်ကြောင်းထိုးလို့ ရွာ ၂၀ ကျော် ထွက်ပြေးနေရကာ အလောင်း ကိုးလောင်း တွေ့ထားပြီး ဖမ်းဆီးခံရသူနဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိ၊
သုထက်/MFP၊ မေ – ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ မြစ်တဖက်ကမ်း၊ ယင်းမာပင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး မေလ ၁၆နဲ့ ၁၇ရက်က စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အမျိုးသမီး နှစ်ဦး အပါအဝင် ပြည်သူ ငါးဦးရဲ့ အလောင်းတွေ ထပ်မံ တွေ့ရှိရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကိုပြောပါတယ်။
စစ်အုပ်စုဟာ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းကတည်းက ယင်းမာပင်မြို့နယ် အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ် ကျေးရွာတွေကို အင်အား အများအပြားနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တွေ့သမျှလူ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးချတာ၊ တချို့ကို သတ်ဖြတ်တာ၊ နေအိမ်တွေ ဖောက်ထွင်လုယက်တာ၊ ရွာတွေ မီးရှို့ပြာချတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
မေလ ၁၆ ရက်က ယင်းမာပင်နယ်၊ မင်းမကုန်းကျေးရွာကို စစ်အုပ်စု စီးနင်းလုယက်ပြီး ပြန်ထွက်သွားချိန် သတ်ဖြတ်ကာ မြေမြှပ် စွန့်ပစ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ရဲ့ အလောင်းတွေ တွေ့ရပြီး အသတ်ခံရသူတွေဟာ မင်းမကုန်းရွာခံ ပြည်သူတွေ ဖြစ်မယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
မေလ ၁၇ ရက် မနေ့ကလည်း ယင်းမာပင်နယ်၊ ဆင်စွယ်ရွာအနီးမှာ စစ်အုပ်စုက အမျိုးသား နှစ်ဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး သေဆုံးသူတွေဟာ စစ်ဘေးရှောင်ရင်းက ကျေးရွာဘက် အခြေအနေ ပြန်ကြည့်တဲ့ ဆင်စွယ်ရွာခံ လူငယ်နှစ်ဦးဖြစ်ကာ စစ်အုပ်စုနဲ့ တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းနဲ့ ပက်ပင်းတိုးလို့ ဖမ်းခံရတာတွေ ရှိတယ်၊ တချို့ မရှောင်တိမ်းလို့ ဖမ်းခံရတာတွေလည်း ရှိတယ်” လို့ အမည်မဖော်လိုတဲ့ အသက် ၃၀ ကျော်အရွယ် ဒေသခံ စစ်ဘေးရှောင်ပြည်သူ အမျိုးသား တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နယ်အနောက်ခြမ်း ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေရပြီး လွတ်အောင် မပြေးနိုင်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်နယ် အနောက်ခြမ်းကို စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ သင်္ကြန်ကာလ နောက်ပိုင်း တစ်လကျော်အတွင်း အမျိုးသမီးတွေ အပါအဝင် ဒေသခံ ကိုးဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စုဟာ သင်္ကြန်ကာလအတွင်းက ပုလဲနယ် သရက်ကန်ရွာအနီး ဒေသခံအမျိုးသား သုံးဦးကို သတ်ဖြတ်ကာ အလောင်းတွေ လမ်းဘေးစွန့်ပစ်ခဲ့သလို မေလ ၆ရက်ကလည်း ယင်းမာပင်နယ် နုံးတန်းရွာကို စီးနင်းလုယ်ချိန် ရွာခံပြည်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ် စွန့်ပစ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ယင်းမာပင်နယ်ထဲ ထင်တိုင်းကျဲ ဗုံးတ်ကြဲနေပြီး သင်္ကြန်ကာလအတွင်းက ယင်းမာပင်နယ် ငါးမောင်းရွာကို စစ်အုပ်စုက ဗုံးကြဲရာ ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စု လက်ထဲ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသူ ဒေသခံပြည်သူ အနည်းဆုံး လူ ၂၀ ကျော် ရှိပြီး ဘုန်းတော်ကြီးတွေပါ ဖမ်းဆီးခံရကာ တချို့က ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။
ယင်းမာပင်နယ် အနောက်ခြမ်း တနယ်လုံးရှိ ကျေးရွာတွေက ပြည်သူတွေဟာ စစ်အုပ်စု ရန်က ကင်းလွတ်ရေး ဝရုန်းသုန်းကား ထွက်ပြေးနေကြရတာမို့ ဖမ်းဆီးခံရသူနဲ့ သတ်ဖြတ်ခံရသူ အရေအတွက် အတိအကျ မသိရဘဲ ပျောက်ဆုံးနေသူနဲ့ သတင်းအစအန မကြားသိရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖမ်းခံရတဲ့ထဲ ပဲကင်းမ (ရွာ)က ဘုန်းတော်ကြီးတောင် ပါတယ်။ ဘုန်းကြီးနဲ့ ပြည်သူ တချို့တော့ ပြန်လွတ်လာတယ်။ တချို့ပြည်သူတွေလည်း သေလား၊ ရှင်လား မသိရသေးဘူး” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
စစ်အုပ်စုဟာ ဖမ်းမိသူတွေထဲက အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်တယ်လို့ ဒေသခံတချို့က ပြောပေမယ့် MFP အနေနဲ့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

ဖမ်းမိတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချကာ မိုင်းရှိမယ် ထင်တဲ့ နေရာတွေ ဖြတ်သန်းသွားလာခိုင်းတာ၊ ထမင်းဟင်း ချက်ပြုတ်ခိုင်းတာ၊ ခိုးရာပါ ပစ္စည်း ထမ်းပိုး သယ်ယူ ခိုင်းတာတွေ ကျူးလွန်ပြီး တချို့ကို သတ်ဖြတ်တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဖေဖေါ်ဝါရီလကုန်ပိုင်းက စတင်ပြီး ယင်းမာပင်နယ် အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ် ကျေးရွာတွေကို အင်အား ရာဂဏန်းနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ စစ်ကြောင်းထိုး လုယက်၊မီးရှို့လိုက်၊ ယင်းမာပင်မြို့ဆီ ခိုးရာပါ ပစ္စည်းတွေ ပြန်သယ်ပို့လိုက်နဲ့ လုပ်နေတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စု အင်အား ၃၀၀ ကျော်နဲ့ ယင်းမာပင်မြို့နယ် ဆင်စွယ်နဲ့ ရင်ပေါင်တိုင်ရွာတွေထဲ အထိုင်ချတပ်စွဲကာ အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းပြီး ဖောက်ထွင်းလုယက်၊ မီးရှို့နေတာလို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ သင်္ကြန်ကာလနောက်ပိုင်း တစ်လတာအတွင်း ယင်းမာပင်နဲ့ ပုလဲနယ်ရှိ လည်ငေါက်၊ တမာပင်ခွ၊ အေးကုန်း၊ သရက်ကန်နဲ့ အင်တော စတဲ့ ရွာတွေကို မီးရှို့ ဖျက်ဆီးလို့ အဲ့ဒီကျေးရွာတွေက အိမ်ခြေ ၂၅၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီးဖြစ်သလို ရင်ပေါင်တိုင်၊ ဆင်တဲ၊ ဆင်စွယ်၊ မင်းမကုန်း၊ အင်တော၊ မောက်လုပ်၊ ညောင်တန်း၊ ပျားအို၊ နှုံးတန်း စတဲ့ ကျေးရွာတွေကိုလည်း စီးနင်းလုက်၊ ဖောက်ထွင်းခိုးယူခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စုက တွေ့သမျှလူကို ဖမ်းဆီးသတ်ဖြတ်၊ ရန်ပြုနေလို့ ယင်းမာပင်နဲ့ ပုလဲနယ်ရှိ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ ရွှေလှံ၊ ဆင်တဲ၊ ပျားအို၊ ညောင်တန်း၊ နှုံးတန်း၊ မင်းမကုန်း၊ ဆုံရွာ၊ ပဲခင်းမ၊ ငနန်း၊ မောက်လုပ်၊ အင်တော၊ ပန်းမထုံး၊ အင်းသာ၊ ပုထိုးသာ၊ ရသစ်၊ ကမ္ဘားရပ် စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃၅,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။
“စစ်ကြောင်းက နှစ်လကြာပြီဆိုတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်လာတယ်၊ မိုးရွာတဲ့ ရာသီဆိုတော့ အမိုးအကာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေပါ လိုအပ်နေတယ်” လို့ ဒေသခံ စစ်ရှောင်ပြည်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်တနယ်လုံးကို နယ်မြေစိုးမိုးနိုင်ရေးနဲ့ မုံရွာ – ယင်းမာပင် – ပုလဲ – ဂန့်ဂေါလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အခုလို အင်အားသုံး စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။


ယင်းမာပင်နယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



