မြန်မာ့အရေးပေါ် စားနပ်ရိက္ခာအခက်အခဲအတွက် ဥရောပသမဂ္ဂက ယူရိုရှစ်သန်း ကူညီ၊အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ပိုမိုခံစားနေရ

နန်းယု / MFP ၊ မေ – ၁၈
မြန်မာနိုင်ငံတဝန်း ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲကို အရေးပေါ်တုံ့ပြန်ဖို့ ဥရောပသမဂ္ဂ (EU) က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတဆင့် ယူရိုရှစ်သန်း (မြန်မာကျပ်ငွေ ၂၀ ဘီလီယံ နီးပါး) အရေးပေါ် ထောက်ပံ့လိုက်တယ်လို့ ဒီကနေ့မေလ ၁၈ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ စားသောက်ကုန်နဲ့ စက်သုံးဆီစျေးနှုန်းတွေ အဆမတန် မြင့်တက်လာကြောင့် အခုလို အချိန်မီထောက်ပံ့ ကူညီရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီစျေးနှုန်းတွေ သုံးဆအထိ မြင့်တက်ခဲ့ပြီး ဆန်၊ဆီ၊ပဲ၊ဆားအပါအဝင် အခြေခံစားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာကာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ စျေးနှုန်းအမြင့်ဆုံး ဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုပါတယ်။
WFP ကကောက်ယူထားတဲ့ အချက်အလက်တွေအရ အခြေခံစားသောက်ကုန် စျေးနှုန်းတွေဟာ တစ်နိုင်ငံလုံးအနှံ့ ပျမ်းမျှ ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး မကွေးတိုင်းဒေသကြီးမှာ ၃၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး ဖြစ်ကာ ကရင်ပြည်နယ်မှာ ၃၂ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်နေတယ်လို့ဆိုပါတယ်။
“ကမ္ဘာလုံးဆိုင်ရာ လောင်စာဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာနဂိုတည်းက ရုန်းကန်နေကြရတဲ့ ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်းမီဖို့ ပိုခက်ခဲလာပါတယ်”လို့ ဥရောပသမဂ္ဂ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကို ကြီးကြပ်နေသူ Jessica Chaix က ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ လူ လေးယောက်ကို တစ်ယောက်နှုန်းနဲ့ လူဦးရေ ၁၂ဒသမ ၄ သန်း ဟာ ဆာလောင်မွတ်သိပ်မှုကို ရင်ဆိုင်နေရပြီး လူဦးရေ ၃ ဒသမ ၇ သန်း ကတော့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝင်ငွေ၊ စုဆောင်းငွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့ မိသားစုတွေအတွက်တော့ ဒီလို ကုန်စျေးနှုန်း မြင့်တက်လာချိန်မှာ အခြေခံစားသောက်ကုန်တွေကိုတောင် ဝယ်ယူစားသောက်နိုင်ဖို့ လက်လှမ်းမမီတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အဆိုပါအကျပ်အတည်းဟာ လာမယ့်မိုးသီးနှံ စိုက်ပျိုးရာသီကိုပါ ခြိမ်းခြောက်နေပြီး မြေဩဇာစျေးနှုန်း မြင့်တက်မှုနဲ့ ရရှိနိုင်မှု အကန့်အသတ်တွေကြောင့် တောင်သူတွေက မြေဩဇာအသုံးပြုမှုကို လျှော့ချလာနေကြတယ်လို့ WFPရဲ့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။
တကယ်လို့ မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းသွားပါက နိုင်ငံတစ်ဝန်း စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး အကျိုးဆက်အနေနဲ့ ကုန်စျေးနှုန်းတွေ ထပ်မံမြင့်တက်လာကာ ၂၀၂၇ ခုနှစ်အထိ မြန်မာ့စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။
“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ ပြည်တွင်းပဋိပက္ခတွေတင်မက ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်ချက်တွေကြောင့်ပါတိုက်ရိုက် သက်ရောက်လာနေပြီ ဖြစ်ပါတယ်”လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောကြားထားပါတယ်။

ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေကို အသုံးပြုပြီး WFP က ပဋိပက္ခ၊ နေရပ်စွန့်ခွာနေရသူတွေနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုတွေကို အရေးပေါ် စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့လည်း အသိပေးထားပါတယ်။
မတ္တရာမြို့နယ်မှ စစ်ရှောင်ပြည်သူများကို တွေ့ရစဉ်/ ဓာတ်ပုံ-ထင်လင်း



