ဝင်းသိန်း/MFP၊ မေ – ၁၉
မကွေးတိုင်း၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုးကာ ရန်ပြုနေလို့ အသက်အန္တရာယ် ကင်းလွတ်ရေး ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး မိုးရွာသွန်းလို့ ပိုမို အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မေလ ၁၈ ရက် မနေ့က ဆိပ်ဖြူမြို့နယ်ရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်စက်ရုံ – ကပစ ၂၂ ထဲကနေ စစ်ကားတန်း အပါအဝင် စစ်အုပ်စု အင်အား အများအပြားနဲ့ ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးတာကြောင့် ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်အကြား၊ ပုသိမ်-မုံရွာ ကားလမ်း တလျှောက်မှာ ရှိတဲ့ ကျေးရွာ ခုနှစ်ရွာက ဒေသခံပြည်သူ ၆၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရတာပါ။
လက်ရှိမှာ ဆိပ်ဖြူနဲ့ ပေါက်နယ်ထဲ မိုးရွာသွန်းတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်ရေးနဲ့ စားသောက်ရေး ခက်ခဲနေကြတာလို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်ကြောင်းက အင်အားလည်း များတယ်၊ ရိက္ခာယာဉ်တန်းတွေလည်း ပါလာတော့ လမ်းကြောင်းပေါ်က ရွာတွေကို အကြမ်းဖက်တာ၊ ပစ္စည်းလုတာတွေ လုပ်လာနိုင်တယ်။ ဒါကြောင့် အနီးအနားက ရွာတွေအနေနဲ့ လုံးဝ မပေါ့ဆကြဖို့နဲ့ မိမိတို့ ပစ္စည်းဥစ္စာတွေ အခိုးခံ၊ အဖျက်ဆီး မခံရအောင် ကြိုတင် ပြင်ဆင်ထားကြဖို့ လိုပါတယ်”
အခုရက်ပိုင်းအတွင်း ပေါက်နယ် အပါအဝင် မကွေးတိုင်းထဲ မိုးရွာသွန်းပြီး ရာသီဥတု ဆိုးရွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး၊ လေကြောင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ်အပြင် မိုးရာသီ ပိုးမွှားနဲ့ မြွေ အန္တရာယ်တွေပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပေါက်နယ် အပါအဝင် မကွေးတိုင်း၊ ပခုက္ကူခရိုင်ရှိ မြစ်ခြေတိုက်နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုး ရန်ပြုလို့ အသက်အန္တရာယ် ကင်းလွတ်ရေး ထွက်ပြေးနေကြရတဲ့ ပေါက်နယ်က ပြည်သူတွေ/Photo – ပေါက်မြို့နယ် လူသားစာနာ၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ပေါက် #ပခုက္ကူ #စစ်ဘေးရှောင်ပြည်သူ



