သတင်း

ဖလမ်းကလာတဲ့ စစ်အုပ်စု ရွာလေးရွာကို မီးရှို့ပြီး ဟားခါးမြို့တွင်းဝင်ရောက်၊ကလေးမြို့က ကားသမား ဒါဇင်ချီ လမ်းပြအဖြစ် ဖမ်းဆီးခံထားရ

ရွှေဥ /MFP၊ မေ-၂၂

ချင်းပြည်နယ်၊ဖလမ်းမြို့ကနေ ဟားခါးမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေဟာ ဖလမ်း-ဟားခါးလမ်းမကြီးပေါ်က ရွာလေးရွာကို မီးရှို့ဖျက်ဆီးပြီး၊ မေ (၂၂) ရက် ဒီနေ့မှာ ဟားခါးမြို့တွင်းကို ဝင်ရောက်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုလက စတင်ကာ စစ်ကိုင်းတိုင်း ၊ကလေးမြို့ကနေ အင်အားထောင်ချီနဲ့ ချင်းပြည် ၊မြောက်ပိုင်း ဖလမ်းမြို့နဲ့ တီးတိန်မြို့တို့ကို စစ်ကြောင်းထိုးဝင်ရောက်‌လာခဲ့တာပါ။အဲဒီနောက် စစ်အုပ်စုတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား ခုနှစ်လခန့်အကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒီနှစ် ဧပြီလကုန်ပိုင်းမှာတော့ စစ်အုပ်စုက ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်အုပ်စုတပ်တွေက ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ဆက်လက် ဦးတည် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ချွန်းကျုံးကျေးရွာ ၊ရန်ထလို (ရမ်ထလို)ကျေးရွာ ၊လိုင်ဗားရွာ ရေလှောင်ဆည်တမံ အနီးမှာ နှစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့သလို၊ ချွန်ကျုံးကျေးရွာ ၊ရန်ထလို (ရမ်ထလို)ကျေးရွာ၊လိုင်ဗားရွာနဲ့ (Tlangzar)ထလန်ဇာရွာတို့ကို မီးရှို့ဖျက်ဆီးသွားပြီး မေလ (၂၂) ရက် ဒီနေ့မှာတော့ ဟားခါးမြို့တွင်းကို ဝင်ရောက်သွားတာဖြစ်တယ်လို့ ဖလမ်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟားခါးမြို့ထဲရောက်သွားပါပြီ။ ကားလမ်းဘေးက ရွာလေးရွာ မီးရှို့ထားခဲ့တယ်။ ချင်းပြည်နယ်နဲ့ ရွာတန်းအရှည်ဆုံး ချွန်ကျုံးရွာကို မီးရှို့ထားခဲ့တယ်။ရမ်ထလို ရွာကိုလည်း လေကြောင်းက ဗုံးကြဲတာ ရှိတယ်၊မီးရှို့တာလည်း ရှိတယ် ” လို့ အဆိုပါ ဒေသခံပါ ပြောပါတယ်။

ဒီလို စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ စစ်အုပ်စုတပ်တွေက ဖလမ်း -ဟားခါး ကားလမ်းနံဘေး နေအိမ်တွေက ပြည်သူတွေကို နှစ်ပတ်ကြာ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး အခုအချိန်မှာတော့ သူတို့ကို ပြန်လည်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကလေးမြို့ကနေ လမ်းပြအဖြစ် တောက်လျှောက်ပေါ်တာဆွဲ ဖမ်းဆီး‌ခေါ်ဆောင်လာခဲ့တဲ့ ကားသမားတွေကိုတော့ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

“ဟားခါးစစ်ကြောင်းမှာက ကလေးမြို့က ကားသမားတွေ ၊ပေါ်တာဆွဲခံရတာ ။ထွေအုပ်ရုံးမှာ ဆွဲထားတာ ကားအစီး (၆၀) လောက်ရှိတယ်။အဲ့ဒီထဲကနေ ဖလမ်းကိုလွှတ်တယ်။ဖလမ်းကနေ ဟားခါးကိုလွှတ်တယ်။ ဟားခါးဝင်သွားတာက ပေါ်တာဆွဲခံရတဲ့ ကားသမားတွေပါတယ်”လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီလို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ချွန်းကျုံး ၊ရန်ထလို (ရမ်ထလို ) ၊လုံပီး ၊လုံရန်း ၊လုမ်သုတ်စတဲ့ ကျေးရွာတွေ အပါအဝင် ရွာပေါင်း (၂၀)ဝန်းကျင်က ဒေသခံ (၆၀၀၀) ကျော်ဟာ အိန္ဒိယနယ်စပ်အနီး ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ ပြတ်လပ်တာတွေ ကြုံတွေ့ နေရတယ်လို့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ဖလမ်းက စစ်ရှောင်တွေက အိန္ဒိယ နယ်စပ် သီအိုချောင်းဘေးမှာ ရှောင်ကြရတယ်။လူဦးရေက ၆၀၀၀ ကျော်လောက် ရှိတယ်။စစ်ရှောင်ရတာက ခုနှစ်လကျော်ပြီဆိုတော့ အတော်တော့ ခက်ခဲနေကြပြီ”လို့ သူကဆိုပါတယ်။

စစ်အုပ်စုဟာ ချင်းပြည်မြောက်ပိုင်းမှာရှိတဲ့ တွန်းဇံမြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည်ထိန်းချုပ်ပြီးနောက် ၊ရိဒ်မြို့ကို ဆက်လက် ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ၊ချင်းပြည်တောင်ပိုင်းမှာရှိတဲ့ ကန်ပက်လက်မြို့ကိုလည်း မကွေးတိုင်းကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စု ပေါ်တာဆွဲခံရတဲ့ ယာဥ်တွေနဲ့ စစ်အုပ်စုတပ်တွေကို ဟားခါး-ဖလမ်းပေါ်မှာ မြင်တွေ့ရစဉ်/ဓာတ်ပုံ- SNS

Related Articles

Back to top button