ချင်းနဲ့ မကွေးအစပ်ကို စစ်အုပ်စု အင်အား ၈၀၀ ထပ်ဖြည့်လို့ စုစုပေါင်း ၁၅၀၀ ကျော် ရှိလာ၊

ပေါက် – တပြင်း – ကျောက်ထုလမ်းပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေ၊
လှိုင်း/MFP၊ မေ – ၂၃
မကွေးတိုင်းနဲ့ ချင်းပြည်အစပ်ရှိ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက နောက်ထပ် အင်အား ၈၀၀ ဝန်းကျင် ဖြည့်တင်းလို့ စုစုပေါင်း စစ်အုပ်စု အင်အား ၁၅၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မကွေးနဲ့ ချင်းပြည်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ပေါက် – တပြင်း – ကျောက်ထု လမ်းပိုင်းပေါ်ရှိ ဆောမြို့နယ်၊ တပြင်းရွာမှာ မေလ ၁၄ရက်က စလို့ စစ်အုပ်စု အင်အား ၆၀၀ လောက် ရောက်ရှိနေပြီး မေ ၂၁ ရက်မှာ နောက်ထပ် စစ်အုပ်စု အင်အား ၈၀၀ ခန့် မကွေးတိုင်း ပေါက်နယ်ကနေ ဆောနယ်ဘက် ဦးတည် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
“ဒီစစ်ကြောင်းတွေက မြန်တယ်ဗျ။ ပေါက် ကပစ ၂၄ (လက်နက်စက်ရုံ) ကနေ မေ ၂၁ ရက်က ထွက်လာတာ၊ ၂၂ ရက် နေ့လယ်မှာ ပေါက်မြို့နယ်ထဲက ကျောက်တံခါးကို ကျော်ပြီး ပုံတောင် (ပုံတောင်ပုံညာတောင်ကြော) ကို တက်လာကြတာ။ အရင်ရောက်နေတဲ့ စစ်ကြောင်းကို အင်အား ဖြည့်ဖို့လာတာ ဖြစ်နိုင်တယ်။ ကျောက်ထု (ချင်းနဲ့မကွေးအစပ်မြို့) ကို အရင်ဝင်ပြီး မင်းတပ် (မြို့)ကို ထိုးမှာ ထင်တယ်။ အခု စစ်တပ်က နှစ်ဘက်ညှပ်ထိုးတာတွေ လုပ်နေတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ပေါက်မြို့နယ်ရှိ စစ်အုပ်စုရဲ့ လက်နက်ထုတ်စက်ရုံ ကပစ – ၂၄ ကနေ တပြင်းရွာဘက် ထပ်မံ အင်အားဖြည့်တဲ့ စစ်အုပ်စု စစ်ကြောင်းမှာ ကားအစီးရေ ၃၅ စီးထက်မနည်း ပါပြီး ဂျန်ဘာတင်ကား၊ ၁၂၂ မမအမြောက် (ဟောင်ဝှစ်ဇာ) တင်ထားတဲ့ကား၊ FPV လို့ အတိုခေါ်တဲ့ ကာမီကာဇေ အသေခံဒရုန်း ၃၅ စင်းခန့်ကို သီးသန့်တင်ထားတဲ့ ကား၊ RPG လို့ခေါ်တဲ့ ပခုံးထမ်းလောင်ချာ ၁၀ လက်နဲ့ စနိုက်ဘာ ခုနှစ်လက် စတာတွေ ပါပြီး အင်အား ၈၀၀ လောက် ပါရှိကာ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ အမတ – ၃၆၈ ခါ် အမှတ် ၃၆၈ အမြောက်တပ်ဆီကို ဦးတည် လာတာလို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းက မေ ၂၂ ရက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ ဆောနယ်ထဲ အင်အားစုဆောင်းနေတဲ့ တချိန်တည်းမှာပဲ မင်းတပ်နဲ့ ဆောမြို့နယ်ထဲ တရစပ် လေကြောင်းဗုံးကြဲနေပြီး မေ ၂၀ ရက် ညနေပိုင်းက တပြင်းရွာအနီးကို ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စင်းနဲ့ ငါးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မေ ၂၂ ရက်၊ နံနက် ၅ နာရီဝန်းကျင်မှာလည်း Y-12 စစ်ထောက်ပို့ လေယာဥ်တစ်စင်းနဲ့ တပြင်းရွာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မေလ ၁၄ရက်က စတင်ကာ တပြင်းရွာကို စီးနင်းထားပြီး ထွက်မပြေးနိုင်တဲ့ ဒေသခံပြည်သူကို ဖမ်းဆီး၊ သတ်ဖြတ်၊ ဖောက်ထွင်းလုယက်တာတွေ လုပ်နေတဲ့ စစ်အုပ်စုဟာ တပြင်းရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ကျောက်ထု အမြောက်တပ်ရင်း အမှတ် ၃၆၈ ထဲကို ဦးတည်နေသလို ကျောက်ထု အမြောက်တပ်ရင်းထဲက အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းကလည်း မေ ၁၈ ရက်ကစပြီး အမြောက်တပ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ငါးလွန်း၊ ကျောက်မကျေးရွာတွေဘက် တပ်ဖြန့် နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပေါက် – တပြင်း – ကျောက်ထု လမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ယော တပ်တော် (YA) နဲ့ မဟာမိတ် ပူးပေါင်း တပ်တွေက တိုက်ခိုက်လို့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေ တယ်လို့ YA က မေ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

YA ရဲ့ ထုတ်ပြန်ချက်မှာ စစ်ရေးကာလ ဖြစ်တဲ့အတွက် တပြင်း – ကျောက်ထု လမ်းပိုင်းပေါ်မှာရှိတဲ့ တိုက်ပွဲ သတင်းတွေနဲ့ စစ်ရေးအခြေအနေတွေကို သတင်းမဖော်ပြဖို့ တားမြစ်ထားပါတယ်။
တချိန်တည်းမှာပဲ မကွေးနဲ့ ချင်းပြည်အစပ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ မေ ၁၆ ရက်မှာ ဆောမြို့ကတဆင့် ချင်းပြည်၊ ကန်ပက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်ဖို့ ကြိုးစားလို့ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုက အဆက်မပြတ် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကန်ပက်လက် အနီးတဝိုက်ကို စစ်တပ်က ဗုံးကြဲတာတွေ လုပ်နေပါတယ်။ အရင်ရှေ့ရက်တွေက မင်းတပ်နဲ့ ကန်ပက်လက်ကို တောက်လျှောက် ကြဲတာ။ အခုက ကန်ပက်လက်ကို ဗုံးကြဲတာ အခေါက်ရေ စိပ်လာပါတယ်။ ကန်ပက်လက်နဲ့ ဆောမြို့ကြားမှာ တိုက်ပွဲဖြစ်နေတာလို့ ကြားတယ်” လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ကန်ပက်လက်မြို့ အနီးအနားတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ ကလည်း ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မေလဆန်းပိုင်းက စပြီး မကွေးတိုင်း၊ ယောဒေသ၊ လောင်းရှည့်မြို့နဲ့ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ဘက်ကနေ အင်အား ၆၀၀ ဝန်းကျင်စီ ပါရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဆောမြို့နယ်ကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ့ ပထမစစ်ကြောင်းနှစ်ကြောင်းအနက် ဆောမြို့ပေါ် အရင်ရောက်ရှိခဲ့တဲ့ လောင်းရှည်မြို့ ကပစ ၂၅ က လာတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ကန်ပက်လက်မြို့ဘက်ကို စစ်ကြောင်းထိုးနေသလို ပေါက်မြို့ ကပစ ၂၅ က လာတဲ့ စစ်ကြောင်းက ဆောမြို့နယ်၊ တပြင်းရွာမှာ ဆက်လက် စီးနင်းတပ်စွဲထားပါတယ်။
အဲ့ဒီ့ စစ်ကြောင်းတွေဟာ တောင်ယောဒေသဖြစ်တဲ့ ဆောနဲ့ ကျောက်ထုကိုဖြတ်ပြီး ယောဒေသနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့တို့ကို ချင်းညီနောင် (Chin Brotherhood – CB) နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ အတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ချင်းပြည်မြောက်ပိုင်းရှိ စစ်ရှုံးထားတဲ့ ဖလမ်းနဲ့ တွန်းဇံမြို့တွေကို ယခုရက်ပိုင်း ပြန်လည် ထိုးစစ်ဆင် သိမ်းယူနိုင်ပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့တွေကိုပါ ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ ချင်းပြည်တောင်ပိုင်း လောက်နူးမြေ၊ ကန်ပက်လက်မြို့ကို ရက်ပိုင်းအတွင်း ပြန်သိမ်းယူမယ်လို့ စစ်လော်ဘီတွေက ဝါဒဖြန့်နေကြပါတယ်။

ချင်းပြည် မင်းတပ်မြို့ လက်မလွှတ်ရရေး ခုခံဖို့ မကွေးတိုင်းကနေ ချင်းပြည်ဘက် တက်လာတဲ့ စစ်ကားတန်းကို ၂၀၂၂ နှစ်ဆန်းပိုင်းက တွေ့ရစဉ်/Photo – CDF Mindat
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ဆောမြို့ #မင်းတပ်



