
MN/MFP၊ မေ- ၂၆
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ – တောင်သာ ကားလမ်းပေါ်မှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကားနှစ်စီးကို မေ၂၄ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး သေနတ် လေးလက်နဲ့ ကားတစ်စီး သိမ်းဆည်း ရရှိတယ်လို့ မြင်ခြံခရိုင် PDF အမှတ် ၇ တပ်ရင်း – ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မေ ၂၄ရက် မနက် ၁၀နာရီကျော်အချိန် မြင်းခြံ-တောင်သာ လမ်းပိုင်းတစ်နေရာမှာ Super Custom တစ်စီးနဲ့ 4Wheel တစ်စီးနဲ့ သွားလာနေတဲ့ ခန့်မှန်း အင်အား ၂၀ ခန့်ပါ စစ်အုပ်စုနဲ့ ပျူတွေကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)-တပ်ရင်း ၇၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ မြင်းခြံခရိုင် တပ်ရင်း ၂၊ မြင်းခြံမြို့နယ် ပကဖ တိုက်နယ် ၂၊ နွားထိုးကြီး ပကဖ တိုက်နယ် ၂၊ စတဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကားတစ်စီး၊ အလောင်းခုနှစ်လောင်း၊ သေနတ်လေးလက် ရတယ်။ တိုက်ပွဲဖြစ်တာက (မြင်းခြံ-တောင်သာလမ်း) ကုလားတန်ကွေ့နားမှာ မနက်ပိုင်း ဖြစ်တာ။ သူတို့(စစ်အုပ်စု)ဘက်က အထိအခိုက် သေဆုံးတာ များတယ်။ လက်နက်တွေလည်း ရခဲ့တယ်။ သူတို့ အဲဒီနေ့က တိုက်ပွဲမှာ အထိနာခဲ့လို့ ထင်တယ် လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ မြင်းခြံအရှေ့ခြမ်းကို စစ်ကြောင်းထိုးနေတာ” လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။


တိုက်ပွဲအတွင်း Super Custom ကားနဲ့ သေနတ်လေးလက် သိမ်းဆည်း ရရှိပြီး သေနတ်တွေပဲ သိမ်းယူခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဆိုပါတယ်။
“ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်၊ မိမိတို့ညီကိုတွေ ထိခိုက်မှု လုံးဝမရှိခဲ့ပေမဲ့ စခ၊ ပစ လေးတွေကတော့ မျက်မြင် လေးကောင်နှင့်အတူ နောက်ဆက်တွဲ ဆေးရုံမှာ ခုနှစ်ကောင်၊ ပေါင်း ၁၁ ကောင် အဝီစိကို ဘက်ပြောင်းသွားတယ်ဆိုတာ အသေချာပါပဲ”
စစ်အုပ်စုဟာ ၂၀၂၅ ရွေးကောက်ပွဲကာလက စလို့ မြင်းခြံနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #PDF #တောင်သာ #မြင်းခြံ



