မကွေးနဲ့ ချင်းအစပ်၊ ယောဒေသ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက သံဃာနဲ့ CDM ကျောင်းဆရာ အပါအဝင် ဒေသခံ ခြောက်ဦးကို သတ်ဖြတ်၊

ရွာတွေ စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးနေ၊ ကျေးရွာ ၂၀ ထက်မနည်း စစ်ရှောင်နေရ၊
လှိုင်း/MFP၊ မေ – ၂၇
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသတောင်ပိုင်းဖြစ်တဲ့ ဆောမြို့နယ်အတွင်း အင်အား အများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုက ကျောင်းထိုင် ဘုန်းတော်ကြီးတစ်ပါးနဲ့ CDM ကျောင်းဆရာ အပါအဝင် ဖမ်းမိတဲ့ ဒေသခံ ခြောက်ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာတွေ ကိုလည်း စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံနဲ့ စစ်ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။
မကွေးနဲ့ ချင်းပြည်အစပ်၊ ယောဒေသထဲကို မေလဆန်းက စလို့ စစ်အုပ်စု အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးကာ ဆောမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့၊ တွေ့သမျှလူ ဖမ်းဆီး ရန်ပြုနေတာ ဖြစ်ပါတယ်။
ဆောနယ်၊ ပေါက် – တပြင်း – ကျောက်ထု လမ်းပိုင်းပေါ်ရှိ တပြင်းကျေးရွာကို မေ ၁၄ရက်က စလို့ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုဟာ ဆောနဲ့ ကျောက်ထုမြို့ကြားရှီ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တွေကို စီးနင်းလုယက်၊ ရန်ပြု၊ သတ်ဖြတ်နေတာလို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မေ ၂၂ ရက်က ပုံတောင်ခြေရင်း၊ တပြင်းကျေးရွာ အနောက်ဘက်ရှိ ပြည်သူတွေ စစ်ရှောင်နေတဲ့ တောထဲကို ဖြန့်ခွဲစီးနင်းကာ စစ်ဘေးရှောင်ပြည်သူ ၅၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲက အမျိုးသမီးတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသားတွေကို ပြန်မလွှတ်ဘဲ ကျောင်းထိုင် ဆရာတော် တစ်ပါး၊ CDM အထက်တန်းပြ ကျောင်းဆရာတစ်ဦးနဲ့ ဒေသခံ အမျိုးသားနှစ်ဦးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
“ဦးဇင်းတစ်ပါးနဲ့ ကိုရင်တစ်ပါး ကျန်ခဲ့တာ တပြင်း ဘုန်းကြီးကျောင်းမှာ။ ဘုန်းကြီးကျောင်းဆောင်လည်း ဒရုန်းထိလို့ ပျက်စီးတယ် ပြောတယ်။ အသတ်ခံရတဲ့ ကျောင်းဆရာကလည်း အင်မတန် အရမ်း သဘောကောင်းတဲ့ ဆရာပါ။ သူနေတဲ့ နေရာတဝိုက်မှာ ကလေးတွေကို စာသေချာသင်ပေးတယ်၊ ပညာရေးကို ဂရုစိုက်တယ်။ သူ့ကို ဆုံးရှုံးလိုက်ရတာ အရမ်းနှမျောဖို့ ကောင်းတယ်” လို့ စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံရတဲ့ CDM အထက်တန်းပြကျောင်းဆရာနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

တပြင်းကျေးရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ မေ ၂၄ ရက်မှာ ကျောက်ထုအမြောက်တပ်ကို ဦးတည်ကာ ရှေ့ပြေးအဖွဲ့တစ်ဖွဲ့ ထွက်လာပြီးနောက် တပြင်း – ကျောက်ထုလမ်းပိုင်းပေါ်မှာရှိတဲ့ ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့နေတာကြောင့် ရွာသာ၊ အညာပန်းပလွန်း၊ အကြည်ပန်းပလွန်း၊ နွားသိုး၊ ကျောက်မ၊ ကျောက်ပျဥ်း၊ သရက်ချဥ်နဲ့ ငါးလွန်း စတဲ့ ကျေးရွာ ၂၀ ဝန်းကျင်က ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး တောတိုက်(လယ်စောင့်တဲ)တွေနဲ့ ဆွေမျိုးနီးစပ်ရှိရာ ရွာတွေဘက် ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
“တပြင်းပြီးရင် ရွာသာကို ရောက်တာဆိုတော့ ၂၄ ရက်ကတည်းက စစ်ရှောင်ကြတာ။ တချို့ရွာတွေဆို ညနေဘက်၊ ညဘက်တွေမှာ ထပြီး စစ်ရှောင်ကြရတာ။ စစ်ရှောင်တွေကလည်း ပြန့်ကျဲနေတယ်။ လက်တလော မိုးကလည်း သည်းသည်းမည်းမည်း ရွာထားတယ်။ ညဆို ခိုက်ခိုက်တုန်အောင် အေး၊ နေ့လယ်ကျ တအားပူတယ်” လို့ ဒေသခံစစ်ရှောင်အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိမှာ ရာသီဥတုဆိုးရွားနေတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတဲ့အပြင် စစ်အုပ်စုက ဆောနယ် အပါအဝင် ပခုက္ကူအနောက်ဘက်ခြမ်း ဒေသတွေကို ရိက္ခာ ဖြတ်တောက်ထားတဲ့အတွက် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေ ၂၆ ရက်မှာ တပြင်းကျေးရွာကနေ ကျောက်ထုဘက် စစ်ကြောင်းထိုးတဲ့ အင်အား ၁၀၀၀ ကျော်ပါတဲ့ စစ်အုပ်စုဟာ တပြင်း – ကျောက်ထု လမ်းပိုင်းပေါ်မှာရှိတဲ့ ရွာသာကျေးရွာကို စီးနင်း လုယက်ပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာသာကျေးရွာသား တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ခင်း ၆ နာရီခွဲလောက်က ရွာကို မီးရှို့တာပါ။ ရွာထဲက လူတွေကတော့ စစ်ရှောင်နေကြတာ နှစ်ရက်၊ သုံးရက် ရှိကြပြီ။ ရွာ ဘုန်းကြီးကျောင်းထဲမှာ နေနေတဲ့ သက်ကြီးရွယ်အိုတွေ အယောက် ၅၀ လောက်ကိုလည်း ဖမ်းသွားတယ်။ မီးမရှို့ခင် အရင်နေ့ကလည်း ရွာထဲက တစ်ယောက် ဒဏ်ရာ ရသေးတယ်၊ မီးရှို့တဲ့နေ့ကလည်း တစ်ယောက်အသတ်ခံရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေး၊ မိတ္ထီလာနဲ့ ပခုက္ကူကနေ မကွေးတိုင်း ပေါက်နဲ့ လောင်းရှည်မြို့ဘက်ကို ပို့လွှတ်ထားတဲ့ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ အပါအဝင် စစ်အုပ်စု အင်အား ၁၀၀၀ ကျော်ကို ယခု မေလဆန်းမှာ အင်အား ၆၀၀ ဝန်းကျင်စီ ပါရှိတဲ့ စစ်ကြောင်း နှစ်ကြောင်းနဲ့ ယောဒေသတောင်ပိုင်းမှာရှိတဲ့ ဆောမြို့နယ်ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
အဲ့ဒီ့ ပထမစစ်ကြောင်းနှစ်ကြောင်းအနက် ဆောမြို့ပေါ် အရင်ရောက်ရှိခဲ့တဲ့ လောင်းရှည်မြို့ ကပစ ၂၅ က ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းက ကန်ပက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေပြီး ကန်ပက်လက်မြို့ အပါအဝင် မင်းတပ်၊ မတူပီမြို့နယ်တွေကိုလည်း စစ်အုပ်စုဘက်က လေကြောင်း ပစ်ကူတွေ သုံးနေပါတယ်။
“မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျောက်ထု အဲ့ဒီ့မြို့တွေကို လေကြောင်းကနေ ဗုံးကြဲနေတာပါ။ ဖိုက်တာတွေက တစ်ခါတက်ရင် လေး၊ ငါးစင်း တက်လာကြတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီ့ စစ်ကြောင်းနှစ်ကြောင်းအပြင် မေ ၂၁ ရက်က ပေါက်နယ်ကနေ နောက်ထပ် အင်အား ၈၀၀ ဝန်းကျင်ပါ စစ်ကြောင်း ထပ်ထွက်လာတာကြောင့် လက်ရှိ ဆောနယ်မှာ စစ်အုပ်စု အင်အား ၂၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုနဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒီနေ့ (မေ၂၆) စစ်ကြောင်းက ကျောက်ထုထဲကို ဝင်နေပြီ။ လမ်းမကြီး ဘေးတလျှောက်မှာလည်း တပ် ဖြန့်ထားတယ်။ အင်အား ၁၀၀၀ ဝန်းကျင် ပါတယ်လို့ သိရတယ်ဗျ။ အဲ့ဒီ့စစ်ကြောင်းက ဘယ်ကို ရွေ့မလဲဆိုတာတော့ စောင့်ကြည့်နေတုန်းပါ” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ ကျောက်ထုမြို့ထဲကို ဝင်နေတဲ့စစ်ကြောင်းက ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို ဆက်လက် စစ်ကြောင်းထိုးနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပေမယ့် MFP အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့တို့ကို ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ့မြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့ ပေါ်တာဆွဲထားတဲ့ ပြည်သူ့စစ်အင်အားတွေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။



ဆောမြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ CDM ကျောင်းဆရာနဲ့ ရွာသာရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ယောအလင်းတန်း၊ ဂျေမှူးနော်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ဆောမြို့ #CDMကျောင်းဆရာ



