မကွေးသတင်း

ပခုက္ကူမြို့ပေါ်မှာ ယောကျာ်းလေးတွေသာမက မိန်းကလေးတွေပါ ပေါ်တာဆွဲခံရ၊အရင်လို လာဘ်ထိုးလို့မရလို့ လူငယ်အများစု အပြင်မထွက်ရဲ ဖြစ်နေတယ်လို့ဆို

‌အီသာရမ်/MFP၊ မေ- ၂၈

မကွေးတိုင်း ပခုက္ကူမြို့ပေါ်မှာ စစ်အုပ်စုက ယောကျာ်းလေးတွေသာမက အလုပ်သွားအလုပ်ပြန် မိန်းကလေးတွေကိုပါ ပေါ်တာဆွဲကာ အဓမ္မ စစ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေ အပြင်ထွက်ဖို့ စိုးရိမ်နေကြတယ်လို့ ဒေသခံလူငယ်တွေက MFP ကို ပြောပါတယ်။

မေလဒုတိယပတ်လောက်ကစပြီး ပခုက္ကူမြို့လယ်ခေါင်မှာ ညနေ ၅ နာရီဝန်းကျင်မှာ ကင်းပတ်တဲ့ စစ်အုပ်စုတွေက အလုပ်သွားအလုပ်ပြန် လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို ပေါ်တာဆွဲနေတာဖြစ်တယ်လို့ ပခုက္ကူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မြို့အလယ်မှာကို ဆွဲနေလို့ ညနေ အလုပ်သွားအလုပ်ပြန် မိန်းကလေးတွေတောင် ခက်နေတာ၊မြိုင်လမ်းဆို နေ့ခင်းတောင် လူသိပ်မရှိဘူး၊ပါသွားပြီဆိုရင် ပိုက်ဆံပေးလည်းမရတော့ဘူး” လို့ သူကဆိုပါတယ်။

ပခုက္ကူမြို့မှာ နှစ်ပတ်အတွင်း အမျိုးသား၊အမျိုးသမီး (၁၀)ယောက်ထက်မနည်း ပေါ်တာဆွဲခံထားရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေအများစုဟာ ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ရဲကြဘူးလို့ လည်း လူငယ်တစ်ဦးက ဆိုပါတယ်။

မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ကလည်း ပခုက္ကူမြို့ (၇)လမ်းက နေအိမ်‌ရှေ့မှာ ထိုင်နေတဲ့ လူငယ်တွေကို ကင်းပတ်ထွက်လာတဲ့ စစ်အုပ်စုက ကားနဲ့ အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့ပြီး ပခုက္ကူမြို့အထိုင်တပ်တွေနေရာကို စစ်သားစုဆောင်းဖို့အတွက် ခေါ်ဆောင်သွားတာလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ပခုက္ကူမြို့ပေါ်မှာ မကြာခင်ကာလအတွင်း နယုန်လပွဲတော်အဖြစ် ဘုရားပွဲကျင်းပဖို့ရှိပြီး အဲဒီပွဲတော်ရက်မှာ လူငယ်တွေ ပေါ်တာဆွဲခံရပြီး အဓမ္မ စစ်သားသစ် စုဆောင်းခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ပခုက္ကူမြို့ပေါ်မှာ ပေါ်တာဆွဲနေသလို တဖက်ကလည်း ပခုက္ကူမြို့အထိုင်တပ် တပ်မ ၁၀၁ ကနေ မြစ်ခြေတိုက်နယ်အတွင်း မြို့ပေါ်စျေးဆိုင်ခန်းတွေ အပါအဝင် ကျေးရွာ (၁၀)ရွာထက်မနည်းကို စစ်ကြောင်းထိုး ဝင်ရောက် မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းက မြစ်ခြေနယ် ကျေးရွာတွေနဲ့ မြို့ပေါ်က ဒေသခံပြည်သူ ၇ ယောက်ခန့်ကို သတ်ဖြတ်သွားခဲ့ပြီး စစ်အုပ်စုရန်ကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး နှစ်နှစ်ကျော်အတွင်း စစ်အုပ်စုရဲ့ နိုင်ငံတဝန်းက ပေါ်တာဆွဲခံရသူတွေ အပါဝင် စစ်သားသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းသားဦးရေ တစ်သိန်းကျော်ရှိနေပြီး လစဉ် စစ်မှုထမ်းသင်တန်းသား (၄၈၀၀) ဝန်းကျင် စုဆောင်းရရှိတယ်လို့ စစ်အုပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ထုတ်ပြန်နေတဲ့ MDSI အဖွဲ့ကဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

မကွေး #ပခုက္ကူ #ပေါ်တာဆွဲ

Related Articles

Back to top button