ပုဂံမြို့တဖက်ကမ်း မြစ်ခြေမြို့ကို စစ်အုပ်စု နေ့ရောညပါ မီးရှို့ဖျက်ဆီးနေ၊

ပုဂံဘုရားတွေကနေ မီးတောက်တွေ မြင်ရ၊
မြစ်ခြေနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့နေတာ ရက် ၂၀ နီးပါး ရှိလာပြီး မွေးကင်းစ ကလေးနဲ့ မီးနေသည်မိခင် အပါအဝင် ပြည်သူ ၁၀ ဦး ထက်မနည်းကို သတ်ဖြတ်၊
တေဇ/MFP၊ မေ- ၂၉
မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းနယ်မြေ ပုဂံ-ညောင်ဦးမြို့ရဲ့ မြစ်တဖက်ကမ်း၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စီးနင်းလုယက်၊ လူသတ်ကာ နေအိမ်တွေကို နေ့ရောညပါ မီးရှို့ဖျက်ဆီးနေပြီး မီးတောက်တွေကို ပုဂံမြို့ကပါ လှမ်းမြင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မေလ ၁၀ရက်က စလို့ မြစ်ခြေနယ်ထဲ ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပြီး မွေးကင်းစ ကလေးနဲ့ မီးနေသည်မိခင် အပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို ကျေးရွာ ၁၀ရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီ ဖြစ်ပါတယ်။
မေလ ၂၈ရက်က မြစ်ခြေမြို့ ဆွဲကြီးနဲ့ ရွာသာအေး ရပ်ကွက်တွေကို စစ်အုပ်စုက နေ့ရောညပါ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြစ်ခြေ ဖိုကုန်း၊ ဆွဲကြီး(ရပ်ကွက်တွေ) ည၈နာရီထိ မီးရှို့နေဆဲ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မြစ်ခြေမြို့ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ တက်လာတဲ့ မီးတောက်တွေ ပုဂံမြို့ကနေပါ လှမ်းမြင်ရတယ်လို့ ပုဂံမြို့ခံတွေက MFP ကို ပြောပါတယ်။
“ဗူးဘုရားကနေ ကြည့်ရင် မီးတောက်ပါ မြင်ရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့က ထွက်လာတဲ့ စစ်အုပ်စုနဲ့ပျူစောထီး ခန့်မှန်းအင်အား ၅၀၀ လောက်ဟာ မေလ ၁၀ ရက်က စတင်ပြီး မြစ်ခြေနယ်ထဲ ရွာစဉ်ပတ်မွှေကာ နေအိမ်တွေ ဖောက်ထွင်းလုယက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာတွေရှိ တွေ့သမျှ ပြည်သူတွေကို ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
မေလ ၁၄ရက်က မြစ်ခြေတိုက်နယ်၊ ထန်းတောချောက်ကျေးရွာကို စစ်အုပ်စု စီးနင်းလုယက်၊ မီးရှို့ချိန် မီးဖွားပြီးစမို့ စစ်ဘေးရှောင် ထွက်မပြေးနိုင်ဘဲ နေအိမ်မှာ ကျန်ရစ်တဲ့ မွေးကင်းစ ကလေးငယ်နဲ့ မိခင်တို့ကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ သေဆုံးသူ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။
“မွေးကင်းစဆို ရက်ပိုင်းပဲ ရှိသေးတာ။ ကလေးအမေရော သတ်ပြီးတော့ မီးထဲ ပစ်ထည့်ခဲ့တာ”
စစ်အုပ်စုဟာ မေလ ၂၆ ရက်ကလည်း မြစ်ခြေမြို့ပေါ် ဈေးအတွင်းရှိ ပြည်သူပိုင်ဆိုင်ခန်းတွေကို စိတ်တိုင်းကျ ဖောက်ထွင်းခိုးယူပြီးနောက် စျေးကို မီးရှို့ဖျက်ဆီးလို့ ဆိုင်ခန်းအများအပြား မီးလောင်ပြာကျပြီး ပျက်စီးဆုံးရှုံးမှု အတော်များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မြစ်ခြေမြို့ပေါ်မှာ တပ်ဖြန့်နေရာယူထားကာ ဒေသခံပြည်သူတွေကို နှိပ်စက် သတ်ဖြတ်နေပြီး မြစ်ခြေမြို့ပေါ် စာသင်ကျောင်းနဲ့ အနီးအနားတွေမှာလည်း ပြည်သူတွေရဲ့ ရုပ်အလောင်းတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တွေ့ပြီ ဆိုလို့ရှိရင် ပစ်သတ်လိုက်တာတွေ ရှိတယ်၊ ဖမ်းခေါ်သွားတာလည်း ရှိတယ်။ စိတ်မထင်ရင် ခေါ် ပြီး ရိုက်ရင်းနဲ့ သတ်လိုက်တာတွေ ရှိတယ်၊ အင်ဝိုင်းက သုံးယောက်၊ ကျောင်းထဲက နှစ်ယောက် အခု မြစ်ခြေဇာတ်ရုံနားမှာ တစ်လောင်း တွေ့တယ်။ နောက်ထပ် ကျောင်းထဲမှာလည်း တစ်လောင်း တွေ့တယ်။ အဲဒါဆိုရင်ကို ခုနှစ်ယောက်ရှိနေပြီ ကျန်တာတွေလည်း ရှိသေးတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဘုန်းကြီးတစ်ပါး အပါအဝင် မြစ်ခြေမြို့ပေါ်နေ ပြည်သူတွေနဲ့ မြစ်ခြေမြို့အနီး ကျေးရွာတွေက ပြည်သူတွေ၊ စုစုပေါင်း ဒေသခံပြည်သူ ၆၀ ခန့်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားပြီး ဓားနဲ့ လှီးဖြတ်တာ၊ ဦးခေါင်းနဲ့နားထင် နေရာတွေကို ဓားနဲ့လှည့်ပြီး ထိုးဆွတာမျိုးတွေ လုပ်ကာ နည်းမျိုးစုံသုံး နှိပ်စက် ညှဥ်းပန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် မြစ်ခြေမြို့ပေါ်က ဒေသခံပြည်သူ နှစ်သောင်းခွဲခန့် မြို့လုံးကျွတ် ထွက်ပြေးနေရသလို မြစ်ခြေမြို့ အနီးဝန်းကျင် ကျေးရွာ ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်အုပ်စု ရန်က ကင်းလွတ်ရေး စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက မြစ်ခြေနယ် အပါအဝင် မကွေးတိုင်း အနောက်ခြမ်းရှိ မြို့၊ရွာတွေကို ပခုက္ကူမြို့ကတဆင့် စားသောက်ကုန်၊ လူသုံးကုန် သယ်ယူခွင့်ပိတ်ပင်ကာ ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် မြစ်ခြေနယ်ထဲ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ဆေးဝါးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



ပုဂံမြို့ရဲ့ မြစ်တဖက်ကမ်း ပခုက္ကူနယ်၊ မြစ်ခြေမြို့ကို အာဏာသိမ်း စစ်အုပ်စုက နေ့ရောညပါ မီးရှို့ဖျက်ဆီးနေသည်ကို ပုဂံမြို့ကနေပါ မြင်တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ပခုက္ကူ #မြစ်ခြေ #ပုဂံ



