စစ်ကိုင်းသတင်း

အင်းတော်-ကသာ -မော်လူး -ထီးချိုင့် ရှေ့တန်းရဲဘော်တွေ အရေပြားရောဂါ ဖြစ်ပွားပြီး ဆေးဝါးလိုအပ်နေ၊ယူနီဖောင်းတစ်ထည်ကို နှစ်ပေါက်အောင် ဝတ်နေရသူ ရာချီရှိပြီး၊ အခြားစစ်ဘက်အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ဆို

ခါးခါး/MFP၊မေ-၂၉

စစ်ကိုင်းနဲ့ ကချင်အစပ် ကသာ-အင်းတော် -ထီးချိုင့် -မော်လူး -နဘား စတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တော်လှန်ရေးရဲဘော် ရာချီဟာ ပွေး ၊ဝဲ ၊ညှင်း စတဲ့ အရေးပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

ကသာ-အင်းတော်-ထီးချိုင့် -မော်လူး -နဘား စတဲ့နေရာတွေက နယ်ခံရဲဘော်တွေနဲ့ ရပ်ဝေးကလာတဲ့ ရဲဘော် ၂၀၀ ဝန်းကျင်နီးပါးဟာ သောက်သုံးရေ မသန့်ရှင်းတာ၊ အတွင်းခံနဲ့ ယူနီဖောင်းတစ်ထည်တည်းကိုပဲ နှစ်ပေါက်အောင် ဝတ်နေရတာကြောင့် အခုလို အရေပြားယားနာဝေဒနာတွေ ခံစားနေရတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ကတုတ်ကျင်းထဲနေရတာက နှစ်ပေါက်နေပြီ။ရေသန့်ဗူးသောက် စစ်တိုက်နေရတာ မဟုတ်ဘူး ၊ချောင်း ၊မြောင်းထဲကရေကို ဖြစ်သလို သောက်ကြရတာ ။ချိူးကြရတာ ။ခန္ဓာကိုယ်အနှံ့ ပေါက်တာ ၊လူမြင်ကွင်းပြလို့ မကောင်းတဲ့နေရာတွေကော ၊ခြေ ၊လက် ၊တံတောင်ဆစ် ၊လည်ပင်း စုံနေတာပဲ။လူတိုင်းလိုလို ဖြစ်နေတာ ။ဝဲနဲ့ ရဲဘော်က ဝမ်းဆက်ပဲ” လို့ သူကဆိုပါတယ်။

အခုလို အတွင်းခံအပါအဝင် လဲစရာ ယူနီဖောင်းအပိုတောင်မရှိတဲ့ ရဲဘော်တွေဟာ ယားနာတွေ ဖြစ်ပွားချိန်မှာ သောက်ဆေး၊လိမ်းဆေးကလည်း မရှိတာကြောင့် လုံးဝပျောက်ကင်းတာမျိုးမရှိဘဲ ပိုဆိုးလာတာမျိုးတွေသာ ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

“အတွင်းခံတောင် တစ်ထည်ထဲ ရှိတာ ။အဲ့ဒါက မိုးရွာလည်းဝတ် ၊‌နေပူလည်းဝတ် ။‌ရောဂါတွေက ပိုပိုဆိုးလာတာ ၊သောက်ဆေးမရှိဘူး ၊စားဆေးမရှိဘူး။ဒီအတိုင်းပဲ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

လက်ရှိမှာ အရေပြား ယားနာရောဂါ ဖြစ်ပွားသူ ရဲဘော်ဦးရေ တိုးလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးကြဖို့နဲ့ အတွင်းခံ၊ယူနီဖောင်း၊စစ်ဖိနပ်အပါအဝင် ကျည်ကာဦးထုပ်တို့လို့ စစ်အသုံးအဆောင်တွေကိုလည်း ကူညီ‌ထောက်ပံ့ပေးကြဖို့ ခုနှစ်လကျော် ယားနာဝေဒနာ ခံစားနေရသူ ရဲဘော်တစ်ဦးက ပြောပါတယ်။

“ဗိုက်ဆာတာက ငှက်ပျောရွက် ခူးစားလိုက်လို့ရသေးတယ်။ဝဲကုပ် စစ်တိုက်နေရတာက မဟန်ဘူး ။ဆေးဝါး အကူအညီပေးဖို့ တောင်းခံပါတယ်။” လို့ သူကဆိုပါတယ်။

အာဏာသိမ်း ငါးနှစ်ကျော်အတွင်းမှာတော့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေက အင်းတော်-ကသာ -မော်လူး -ထီးချိုင့်စစ်ဆင်းရေးအပါအဝင် ၊ဗန်းမော် စစ်ဆင်ရေး ၊၁၀၂၇ စစ်ဆင်ရေးအပါအဝင် ၊ရှမ်း၊မန်း စစ်ဆင်ရေး စတဲ့တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော် (၅၀၀) ကျော် ထက်မနည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက စစ်မြေပြင်မှာ အရေပြားယားနာရောဂါ ခံစားနေကြရတဲ့ တော်လှန်ရေးရဲဘော်တွေကို မြင်ရစဉ်/ ဓာတ်ပုံ- မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦး

Related Articles

Back to top button