မကွေးသတင်း

ရခိုင်ဘက်ပို့မယ့် စစ်အုပ်စုရဲ့ ဒုံးကျည်တင် ထောက်ပို့ကားကို မင်းဘူး – အမ်းလမ်းမှာ တိုက်ခိုက်၊

စစ်အုပ်စု ခြောက်ယောက် သေကာ သုံးယောက် ဖမ်းမိပြီး ကားနဲ့ လက်နက်တွေ ရ၊

ဝင်းသိန်း/MFP၊ မေ – ၂၉

​မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်၊ မင်းဘူး – အမ်းလမ်းပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ ဒုံးကျည်တင်ဆောင်လာတဲ့ ထောက်ပံ့ရေးကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခြောက်ယောက် သေပြီး သုံးယောက် ဖမ်းမိတယ်လို့ မင်းဘူး (စကု) မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။ ​

မေလ ၂၈ရက် နေ့လယ်ပိုင်းက မင်းဘူး (စကု) မြို့နယ်၊ မင်းဘူး – အမ်းလမ်းပိုင်း တနေရာမှာ ပကဖအဖွဲ့က နယ်မြေစိုးမိုးမှု လုပ်ငန်းတွေ ဆောင်ရွက်နေချိန် စစ်အုပ်စုရဲ့ လက်နက်၊ ခဲယမ်း ထောက်ပံ့ရေးယာဉ် တစ်စီး ရောက် လာတာကြောင့် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ချေမှုန်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

​အဲဒီကားဟာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် အခြေစိုက် အမှတ် (၁) ဒုံး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (ဒစခ – ၁) လက်အောက်ခံ၊ အမှတ် (၆၀၉) ဒုံးတပ်ရင်း (ဒတရ – ၆၀၉) ကနေ ထွက်လာတာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဖြစ်တဲ့ ငဖဲမြို့နယ်ထဲကို ပို့ဆောင်ဖို့ သယ်ဆောင်လာတဲ့ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးကျည်တွေ (122 MLRS Rockets) ဖြစ်တယ်လို့ ပကဖအဖွဲ့က ပြောပါတယ်။

​တိုက်ပွဲအတွင်း စစ်အုပ်စု ခြောက်ယောက် သေကာ သုံးယောက် ဖမ်းဆီးရမိခဲ့ပြီး၊ MA 1 သေနတ် နှစ်လက်၊ MA 2 သေနတ် တစ်လက်၊ MA 13 (သို့မဟုတ်) Uzi သုံးလက် အပါအဝင် စစ်အုပ်စုရဲ့ လက်နက်၊ ခဲယမ်းတချို့ သိမ်းဆည်းရမိကာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိဘူးလို့ ဆိုပါတယ်။

​ဒီတိုက်ခိုက်မှုကို မင်းဘူး (စကု) မြို့နယ် ပကဖ၊ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) နဲ့ လူ့ဘောင်သစ် တပ်မတော် (NSA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

​မင်းဘူး (စကု) မြို့နယ် ပကဖအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့အညီ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေတာ ဖြစ်ပြီး၊ ပြည်သူ လူထုကို ဦးထိပ်ထားကာ ဘုံရန်သူဖြစ်တဲ့ အာဏာသိမ်း စစ်အုပ်စုကိုပဲ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မင်းဘူး #အမ်း #စကု

Related Articles

Back to top button