
နန်းယု/MFP၊ ဇွန်–၂
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုဒေသ စည်ပုတ္တရာမြို့ဟောင်း အတွင်းက ရွှေလင်းပင်ဘုန်းကြီးကျောင်းကို စစ်အုပ်စုက (ကာမီကာဇယ်)အသေခံဒရုန်း လေးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးရွယ်အို နှစ်ဦးသေဆုံးခဲ့ပြီး ဘုရားစေတီအပါအဝင် ဘာသာရေး အဆောက်အဦးတွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက MFPကို ပြောပါတယ်။
ဇွန်လ ၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်က ရွှေဘိုမြို့ အခြေစိုက် စစ်အုပ်စုရဲ့ လေ့ကျင့်ရေး (၈) ခေါ် အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်ကနေ တက်လာတဲ့ အသေခံဒရုန်း လေးစီးနဲ့ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း၊ စည်ပုတ္တရာကျေးရွာ စံကျောင်းတိုက် (ရွှေလင်းပင် ဘုရားရှိရာ ဘုန်းတော်ကြီးကျောင်း) ပေါ်ကို ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းက ဆွမ်းစားကျောင်းဆောင်ပေါ်ကို ဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးတွေရဲ့ ဝေယျာဝေစ္စ လုပ်ကိုင်နေသူ အသက် ၇၀ ဝန်းကျင် အဘိုးအိုတစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင် အဘွားအိုတစ်ဦးတို့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ခင်ဦးမြို့နယ် မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“အသေခံဒရုန်း လေးစင်းနဲ့ ချသွားတာပါ။ ဘုရားစေတီတွေလည်း ပျက်တယ်။ သာသနာပိုင် အဆောက်အဦးတွေ ပျက်တယ်။ ဆွမ်းစားဆောင်လည်း ပျက်တယ်။ ပြီးတော့ ဘုန်းကြီးတွေရဲ့ ဝေယျာဝေစ္စ လုပ်ပေးနေတဲ့ သက်ကြီးရွယ်အို အဘိုးအိုနဲ့ အဘွားအို နှစ်ဦး သေဆုံးသွားပါတယ်။ ဒီအသေခံဒရုန်းတွေက ဘုန်းကြီးကျောင်းဝန်းထဲမှာပဲ ကျတာပါ” လို့သူကဆိုပါတယ်။


အဲဒီလိုတိုက်ခိုက်ချိန်မှာ အဆိုပါ ဘုန်းကြီးကျောင်းအတွင်း ဘုန်းကြီးတွေနဲ့ ဝေယာဝစ္စလုပ်တဲ့သူ တချို့သာ ရှိနေခဲ့ပြီး စစ်ရှောင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေလည်း မရှိဘူးလို့ဆိုပါတယ် ။
လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ ခင်ဦးနယ်ကို စစ်အုပ်စုက နယ်မြေစိုးမိုးနိုင်ဖို့အတွက် တိုက်ပွဲမရှိတဲ့ ကျေးရွာတွေအထိပါ လေကြောင်းအသုံးပြုပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက် နေ့ခင်းပိုင်းနဲ့ မေလ ၂၁ ရက် ညပိုင်းအချိန်တွေမှာလည်း ခင်ဦးမြို့နယ် ရွာစဉ်ကျေးရွာကို စစ်အုပ်စုက ဒရုန်းတွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဖွားအို အပါအဝင် ဒေသခံပြည်သူ လေးဦး သေဆုံးကာ အိမ်ခြေ ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ ခင်ဦးမြို့နယ်အတွင်း စစ်အုပ်စုက စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်မခွဲဘဲ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဗုံးခိုကျင်းတွေတူးပြီး လေယာဉ်သံကြားတာနဲ့ အရေးပေါ်ရှောင်တိမ်းတာတွေ ပြုလုပ်ပြီး သတိကြီးကြီးနဲ့ သွားလာနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။
ခင်ဦးမြို့နယ် ရွှေလင်းပင်ဘုန်းကြီးကျောင်းကို စစ်အုပ်စု အသေခံဒရုန်းလေးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားစဉ်/ဓာတ်ပုံ-ဒေသခံ



