
စစ်အုပ်စု ရန်ကြောင့် လယ်ဧက ၃၀,၀၀၀ စပါးစိုက်ဖို့ ခက်ဲနေ၊
သုထက်/MFP၊ ဇွန် – ၃
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မြောက်ခြမ်းနဲ့ ယင်းမာပင်မြို့နယ် အနောက်ခြမ်း ဒေသတွေမှာ ယခုရက်ပိုင်း မိုးသည်းထန် ရွာသွန်းတာကြောင့် နှမ်းစိုက်ခင်း ဧက ၂၀၀၀ ကျော် ပျက်စီးတယ်လို့ ဒေသခံ တောင်သူတွေက MFP ကို ပြောပါတယ်။
ပုလဲနဲ့ ယင်းမာပင်နယ်ထဲ မေလ ၂၅ရက်က စတင်ကာ မိုးရွာသွန်းနေပြီး ဇွန် ၁ ရက်အထိ အဆက်မပြတ် မိုးသည်းထန်နေတာကြောင့် နှမ်းစိုက်ခင်းတွေ ရေဝပ်ပြီး ပျက်စီးတာလို့ ဆိုပါတယ်။
“မိုးကြိုနှမ်းရော၊ မိုးဦးနှမ်းရော ပျက်တာ၊ မိုးကြိုနှမ်းက အပွင့်၊အသီးတွေနဲ့ ရေဝပ်ပြီး သေတာ၊ မိုးဦးနှမ်းက အပင်ပေါက်၊ အညှောင့်ပေါက် မိုးများလို့ ပျက်တာ” လို့ ပုလဲနယ် မြောက်ခြမ်းနေ နှမ်းစိုက်တောင်သူ တစ်ဦးဖြစ်တဲ့ ဦးနိုင်အောင်က MFP ကို ပြောပါတယ်။
ပုလဲနဲ့ ယင်းမာပင်နယ်ရှိ နှမ်းစိုက်တောင်သူတွေ အပါအဝင် ဒေသခံ တောင်သူလယ်သမားတွေရဲ့ စိုက်ခင်းပျိုးခင်းတွေဟာ ရာသီဥတုကြောင့် ပျက်စီးသလို အာဏာသိမ်း စစ်အုပစ်ု ရန်ကြောင့်လည်း ပျက်စီးမှုတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့တာကြောင့် တောင်သူတွေ စစ်ဘေးရှောင် ထွက်ပြေးရကာ ကျွဲ၊နွားတွေကို လွှတ်ထားခဲ့ရတာကြောင့် ကျွဲ၊နွားဖျက်လို့ သီးနှံခင်းပျက်စီးတာ၊ စိုက်ပျိုးပြီး သီးနှံခင်းတွေကို စနစ်တကျ မပြုစုနိုင်တာ၊ မရိတ်သိမ်းနိုင်တာတွေလည်း နှစ်စဉ်ကြုံနေရတယ်လို့ ဒေသခံ နှမ်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းထိုးတော့ ရွာတွေထဲ နွားတွေ မထားခဲ့ဘဲ လွှတ်ပစ်ကြတယ်လေ။ အဲ့ဒီနွားတွေက မြေပဲခင်း၊ နှမ်းခင်းတွေထဲ ဝင်တော့ အားလုံး ပျက်စီးကုန်တယ်”
ဒါ့အပြင် ရိတ်သိမ်းထားပြီးသား စပါး၊ ပဲ၊ ပြောင်း၊ နှမ်းတွေကိုလည်း စစ်အုပ်စုက စစ်ကြောင်းထိုးရင်း ဖောက်ထွင်းလုယက်ကာ သယ်ယူသွားတာကြောင့် ဒေသခံ တောင်သူတွေ ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပုလဲနဲ့ ယင်းမာပင်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံ တောင်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်အုပ်စုက ဆက်လက် စစ်ကြောင်းထိုးနေလို့ လယ်ဧက ၃၀,၀၀၀ ကျော် စိုက်ပျိုးခွင့်မရဘဲ ဆုံးရှုံးမယ့် အခြေအနေ ကြုံနေရတယ်လို့ ပုလဲနဲ့ ယင်းမာပင်နယ်ခံ တောင်သူလယ်သမားတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းက စတင်ကာ ယင်းမာပင်နယ် အနောက်ခြမ်းနဲ့ ပုလဲနယ် အစပ် ကျေးရွာတွေကို လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး နှစ်လနီးပါးအတွင်း အမျိုးသမီးတွေ အပါအဝင် စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ဒေသခံပြည်သူတွေရဲ့ အလောင်း ဒါဇင်နဲ့ချီ တွေ့ရပြီးဖြစ်သလို ထောင်ချီတဲ့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ပုလဲနဲ့ ယင်းမာပင်နယ်ရှိ ကျေးရွာ ၂၀ ကျော်က သောင်းချီတဲ့ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ နှစ်လဝန်းကျင် ကြာပြီ ဖြစ်ပါတယ်။

ပုလဲနဲ့ ယင်းမာပင်နယ်ထဲ မိုး အဆက်မပြတ် ရွာသွန်းလို့ ရေဝင်နစ်မြုပ်နေတဲ့ နှမ်းစိုက်ခင်းတွေနဲ့ စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင်ဖို့ ပြင်နေတဲ့ ဒေသခံပြည်သူတွေ/Photo – သုထက်/MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင် #နှမ်းစိုက်ခင်းပျက်စီး



