စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ကနီနယ်ထဲ စစ်အုပ်စု အင်အားထပ်တိုးကာ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းခိုးယူ၊ သတ်ဖြတ်မီးရှို့၊

အိန္ဒိယနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကနီနယ် ယာကြီး - ကလေးဝ လမ်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ၊

အိန္ဒိယနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကနီနယ် ယာကြီး – ကလေးဝ လမ်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ၊

သုထက်/MFP၊ ဇွန် – ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ တစ်လကျော်ကြာ ရှိလာပြီး ဇွန်လ ၅ရက်မှာ နောက်ထပ် အင်အား ၁၅၀ ကျော် ထပ်တိုးကာ ဆက်လက် စစ်ကြောင်းထိုး၊ ဖောက်ထွင်း လုယက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၂၅ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ စစ်အုပ်စုနဲ့ မေ ၁၁ရက်မှာ ကနီမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စု၊ စုစုပေါင်း အင်အား ၄၀၀ လောက်ဟာ ကနီနယ်၊  ယင်းမာပင် – ကနီ (ယာကြီး – ကလေးဝ) ကားလမ်းတလျှောက် နှစ်ဖက်ညှပ်ကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့နေရာက ယခုရက်ပိုင်း စစ်အင်အား ထပ်မံ ဖြည့်တင်းတာလို့ ဆိုပါတယ်။

ကနီနယ်၊ ယာကြီး – ကလေးဝ ကားလမ်းတလျှောက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကျေးရွာတွေကို စီးနင်းကာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူ လုယက်ပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို နမခ နဲ့ ကနီမြို့ဆီ စစ်ကားတွေနဲ့ သယ်ပို့ကာ အပြန်မှာ စစ်သားသစ်တွေ ထပ်တိုး အားဖြည့်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီက အရင်လကလိုပဲ၊ ကနီနယ်က ပြည်သူပိုင်ပစ္စည်းတွေကို ဘန့်ဘွေးပျူရွာ (ယင်းမာပင်နယ်) ​ပြန်ပို့တယ်၊ နမခက ကားကြီးတွေနဲ့ လာသယ်ရင်း စစ်သားအင်အားပါ ပို့ခဲ့တယ်” လို့ ဒေသခံ စစ်ရှောင်အမျိူးသားတစ်ဦးက MFPကို ပြောပါတယ်။

စစ်အုပ်စုဟာ ဇွန်လ ၄ရက်က ကနီနယ်ရှိ သမင်ခြံ၊ သင့်ဝံ၊ မင်းမ၊ ချောင်းမ၊ လင်ပုန်းရည် စတဲ့ ကျေးရွာတွေရှိ နေအိမ်တွေကို ဖောက်ထွင်းကာ ခိုးယူလုယက်ထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကားတွေနဲ့ တင်ကာ ဘန့်ဘွေးပျူရွာကဆင့် နမခကို ပို့ဆောင်ခဲ့ပြီးနောက် အပြန်မှာ စစ်အင်အား ၁၅၀ လောက် ထပ်တိုး ခေါ်ယူလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကနီနယ်ထဲ နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ကနီနယ် ချောင်းမရွာမှာ အထိုင်ချပြီး ခိုးရာပါ ပစ္စည်းစုရပ်အဖြစ် ထားကာ စစ်ကြောင်းနှစ်ခုဟာလည်း ခိုးရာပါ ပစ္စည်းတွေ လာပို့လိုက်၊ ပြန်ထွက်ပြီး စစ်ကြောင်းထိုး ခိုးယူလုယက်လိုက်နဲ့ လုပ်နေတာ တစ်လကျော်ကြာမြင့်ပြီလို့ ဆိုပါတယ်။

“စစ်ကြောင်းက ပေါင်းလိုက်ခွဲလိုက်ပဲ၊ အစက အင်အား ၄၀၀ ဝန်းကျင်၊ ဒီနေ့ (ဇွန်၅) နမခက ၁၅၀ ဝန်းကျင် ထပ်ပို့တယ်”လို့ အထပ်ပါ စစ်ရှောင်အမျိုးသားက ထပ်မံ ပြောဆိုပါတယ်။

ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ တစ်လကျော်အတွင်း ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီး သတ်ဖြတ် စွန့်ပစ်ခဲ့ကာ ကျေးရွာ ၁၀ ရွာထက်မနည်းကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး အနည်းဆုံး ရွာ ၂၀ ကို ဖောက်ထွင်းခိုးယူ လုယက်ခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကနီနယ် ကျေးရွာ ၃၀ ကျော်က ပြည်သူ ၂၅,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သောင်းချီတဲ့ ပြည်သူတွေဟာ ကျေးရွာအတွင်း မနေဝံ့ဘဲ တောတိုက်တွေမှာ ခိုလှုံနေရပြီး စားသောက်၊နေထိုင်ရေ ခက်ခဲနေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။

“တကယ်ကို ဒုက္ခရောက်နေကြတယ်။ တချို့ကျတော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ (ထွက်ပြေးလာကြရတော့) စားရေးသောက်တာ ဒုက္ခရောက်ကြတယ်။ ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာ ပြတ်နေကြတယ်” လို့ စစ်ဘေးရှောင်နေရသူ အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခုတစ်ကြိမ် ကနီနယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ တွေ့သမျှပစ္စည်းတွေကို ရသလောက် ဖောက်ထွင်း ခိုးယူတာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတဲ့ ပြည်သူတွေမှာ ဆုံးရှုံး နစ်နာမှု များတယ်လို့ ဆိုပါတယ်။

“တွေ့သမျှအိမ်တိုင်း ဖောက်ထွင်းခိုးယူတယ်။ သူတို့ (စစ်အုပ်စု) လာပြီး ပြန်သွားမှာပဲဆိုပြီး (ရွာခံတွေက ပိုင်ဆိုင်သမျှပစ္စည်း) သိပ်မသယ်ကြဘူး၊ သူတို့က မြေပဲတွေ သယ်(ခိုးယူသယ်ထုတ်)၊ ဆန်အိတ်တွေ သယ်၊ ဝက်တွေ သတ်စားပဲ” လို့ အထက်ပါ စစ်ရှောင်အမျိုးသားက MFP ကို ပြောပါတယ်။

ကနီနယ်၊ ယာကြီး- ကလေးဝ ကားလမ်းတလျှောက်ကို ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ကာ အာဏာသိမ်း စစ်အုပ်စု ခြေမချနိုင်ဘဲ သုံးနှစ်ကျော်အကြာ ယခု ၂၀၂၆ နှစ်လယ်ပိုင်းမှ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံ ရှေ့ကတက်ခိုင်းကာ တကျော့ပြန် စစ်ကြောင်းထိုးနိုင်တာ ဖြစ်ပါတယ်။

မုံရွာ – ယာကြီး – ကလေး၀ – တမူး ကားလမ်းဟာ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ လမ်းပိုင်းဖြစ်သလို အာရှအဝေးပြေးလမ်းမကြီး (AH1) ရဲ့ အစိတ်အပိုင်းဖြစ်ကာ အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ ချစ်ကြည်ရေးလမ်းရဲ့ လမ်းပိုင်းဖြစ်ပါတယ်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေးလို့ဆိုကာ အိန္ဒိယစိုးရက ဒေါ်လာ ၃၇၅ သန်း ပံ့ပိုးထောက်ပံ့လို့ ၇၅မိုင်ကျော် ရှည်လျားတဲ့ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းကို ၂၀၁၈ က စတင်ကာ အဆင်မြင့်တင် ပြုပြင်နေတာလည်း ဖြစ်ပါတယ်။ ၂၀၂၁ မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အာဏာသိမ်းတာကြောင့် လမ်းပိုင်း အဆင်မြှင့်တင် ပြုပြင်ရေးလုပ်ငန်းတွေ ရပ်တန့်သွားသလို အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလည်း COVID-19 ကာလကတည်းက ရပ်တန့်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက အိန္ဒိယ – မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ မုံရွာ – ယာကြီး – ကလေးဝ – တမူးလမ်းပိုင်းကို ပြန်လည် စိုးမိုး ထိန်းချုပ် နိုင်ရေး ကြိုးစားနေပြီး ကားလမ်းတလျှောက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်ထဲရှိ ပုလဲ – ဂန့်ဂေါ ကားလမ်းကိုလည်း ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ရေး ကြိုးစားနေပြီး သင်္ကြန်မတိုင်ခင် မတ်လကစလို့ ယင်းမာပင်နဲ့ ပုလဲနယ်ထဲ အင်အားသုံး စစ်ကြောင်းထိုးကာ ရွာမီးရှို့တာ၊ လူသတ်တာ၊ လုယက်တာ၊ ဖောက်ထွင်းခိုးယူတာ၊ ဗုံးကြဲတာတွေ ကျူးလွန်နေပါတယ်။

စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေကြရတဲ့ ကနီနယ်ခံ ပြည်သူတွေနဲ့ ကနီနယ်ထံ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းခိုးယူ၊ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်အုပ်စု/ Photo – သုထက်၊ Pyae Aung Naing

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ

Related Articles

Back to top button