မန္တလေးသတင်း

စစ်အုပ်စုက ခြိမ်းခြောက်အကြပ်ကိုင်ပြီး ပို့ထားတဲ့ သပိတ်ကျင်းရှိ Non – CDM ရာချီ အပြောင်းအရွှေ့ တင်၊

ပြောင်းရွှေ့ခွင့်ရဖို့ လာဘ်ထိုးရ၊

ထင်လင်း/MFP၊ ဇွန် – ၁၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ် နိုင်ဖို့ စစ်အုပ်စုက မိသားစုကိုပါ ခြိမ်းခြောက်အကြပ်ကိုင်ကာ ပို့လွှတ်ထားတဲ့ Non-CDM ဝန်ထမ်းတွေထဲက ရာနဲ့ချီသူတွေဟာ နေရာဒေသ ပြောင်းရွှေ့ခွင့်ရဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ခဲ့တဲ့ သပိတ်ကျင်းနယ်ကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်အုပ်စုက ပြန်လည် ထိမ်းချုပ်နိုင်ပြီးနောက် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ရာထောင်ချီတဲ့ Non-CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်အကြပ်ကိုင်ကာ သပိတ်ကျင်းနယ်ထဲ ပို့လွှတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ သပိတ်ကျင်းနယ်ရောက် Non-CDM ဝန်ထမ်းတွေထဲက ပညာရေးကဏ္ဍရှိ ရာနဲ့ချီတဲ့ Non CDM တွေ အပြောင်းအရွှေ့ တင်ထားကြပြီး ငွေကြေးတတ်နိုင်သူတွေက ကျပ်သိန်း ဆယ်ချီ ငွေပေးကာ ပြောင်းရွှေ့နေကြတယ်လို့ သပိတ်ကျင်းရောက် Non-CDM ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

”သပိတ်ကျင်းမြို့နယ်မှာ ဆိုလို့ရှိရင် CDM မလုပ်တဲ့ဟာတွေက ၃၀၀ ကျော်လောက် ရှိတယ်၊ အဲ့ ၃၀၀ လောက်က မြို့ပေါ်ကို ပြောင်းတာ၊ အခု စစ်ရှောင်တဲ့အခါမှာ သူတို့ရဲ့ ဆန္ဒပြုတဲ့ ကျောင်းတွေကို သူတို့ ဝင်တယ်၊ ဥပမာ ကျောက်ဆည်တို့၊ မိတ္ထီလာတို့၊ ကျောက်ပန်းတောင်းတို့ အစရှိသဖြင့် ဝင်သွားကြတယ်၊ မန္တလေးတိုင်းထဲမှာ ရှိတဲ့ မြို့နယ်တွေကို သပိတ်ကျင်းတို့၊ စဉ့်ကူးတို့၊ မတ္တရာတို့ကနေ စစ်ရှောင်ကုန်ကြတဲ့ အခါမှာ သူတို့ရောက်သွားတဲ့ နေရာက ကျောင်းတွေကို အပြောင်းအရွှေ့ တင်ကြတာ၊ သူတို့ ဆွေမျိုး နီးစပ်ရှိတဲ့နေရာ၊ မိဘတွေ ရှိတဲ့နေရာက ကျောင်းတွေ၊ အဲ့ဒါ ဘာလို့လဲ ဆိုတော့ PDF တွေ ကြောက်လို့တဲ့၊ အဲ့ဒါ ဝင်တယ်၊ ၃၀၀ လောက်ရှိတဲ့ အထဲမှာ ၂၀၀ လောက်က အပြောင်းအရွှေ့ ပါသွားပြီ၊ အဲ့ဒီ ၂၀၀ လောက်သည် မန္တလေးမြို့ပေါ် ကျောင်းတွေကို အရအမိ တိုးပြီး ဝင်ကြတာ” လို့ သပိတ်ကျင်းနယ်ခံ Non CDM ပညာရေး ဝန်ထမ်းတစ်ဦးက MFP ကို ပြောပါတယ်။

Non-CDM တွေ အပြောင်းအရွှေ့ ပါသွားပြီးနောက် လစ်လပ်သွားတဲ့ နေရာတွေကိုတော့ ကျောင်းအလိုက် ကော်မတီဖွဲ့ကာ နီးစပ်ရာလူ ဆွဲခန့် ဆရာ၊ဆရာမတွေနဲ့ အစားထိုးတာကြောင့် စစ်အုပ်စု စာသင်ကျောင်းတွေရဲ့ သင်ကြား၊ သင်ယူမှုပိုင်းဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က အခြေအနေကို ပြန် ရောက်သွားမယ် ထင်တယ်လို့ သူက ဆက်ပြောပါတယ်။

”တချို့ကတော့ မူလတန်းကျောင်းတွေ၊ နာမည်ကြီး ကျောင်းတွေဆိုရင် ပိုက်ဆံပေးပြီး ဝင်ရတာ၊ ဆယ်သိန်းကနေ သိန်းနှစ်ဆယ်ကြားထဲပေါ့၊ နာမည်မရှိတဲ့ ကျောင်းကတော့ ဒီအတိုင်း ဖရီး (Free- ငွေမပေးဘဲ ပြောင်းခွင့်ရ)၊ ကျောင်းအုပ်နဲ့၊ ပညာရေးမှူးတွေ သိလား မသိလားတော့ မသိဘူး၊ အဲ့ဒီ ကျောင်းတစ်ကျောင်းထဲမှာ နှစ်ရှည်လများ ဆယ်နှစ်တို့ နှစ်နှစ်ဆယ်တို့ ရှိနေတဲ့ ဆရာမတွေ၊ မူရင်းကျောင်းမှာ ရှိနေတဲ့ ဆရာမတွေ၊ အဲ့ဒီ ဆရာမတွေကျ အပြောင်းအရွှေ့ မတိုးပေးဘဲနဲ့ ဒါမျိုး ပိုက်ဆံရတဲ့ ဟာတွေကျ ပြောင်းပေးတိုးပေး၊ ရွှေ့ပေးတယ်၊ သပိတ်ကျင်း ကျန်ခဲ့တဲ့ လစ်လပ်တွေကို ကျတော့ ကော်မတီခန့်တွေနဲ့ ဟိုးရှေးခေတ် ပြန်ရောက်သွားမှာ၊ ဝန်ထမ်း အစစ်အမှန် နှစ်ယောက်၊ သုံးယောက်လောက် ရှိတယ် ဆိုလို့ရင် ကော်မတီခန့် ငါးယောက်လောက်နဲ့ ကျောင်းကို လည်ပတ်မှာ၊ ဥပမာ မူလတန်းကျောင်းတစ်ကျောင်းဆိုလို့ရင် သင်တန်းဆင်းတွေတော့ လွှတ်မှာပေါ့၊ သူတို့ပြောပုံအရ နောက်မှ သင်တန်းဆင်းလာမယ့်ဟာတွေ ရှိတယ်၊ နွေရာသီမှာ သင်တန်းပေးထားတဲ့ ဟာမျိုးတွေ၊ အဲ့ဒါတွေကို အဲ့ကျောင်းထဲမှာ အားဖြည့်အနေနဲ့ လွှတ်မယ်”လို့ သပိတ်ကျင်းနယ်ခံ နောက်ထပ် nON CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက ကျောင်းတွေ ပြန်ဖွင့်ရာမှာ တက်ရောက်လိုတဲ့ ကျောင်းသားတွေ အနေနဲ့ မိဘအရင်းလိုက်ပါမှ ကျောင်းအပ်လက်ခံမယ်၊ မိဘ မှတ်ပုံတင် ရှိရမယ်၊ မိဘမရှိဘဲ ဘိုးဘွားတွေနဲ့ နေတယ်ရင်တောင် အိမ်ထောင်စုစာရင်း တင်ပြရမယ်၊ အသက်အလိုက် တတ်မြောက်မှု (Placement Text) စစ်ဆေးပြီး အတန်းတိုးပေးမယ် စတဲ့ ကန့်သတ်ချက်တွေနဲ့ လက်ခံနေတာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်အုပ်စုရဲ့ ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်မှု တွေကြောင့် နှစ်နဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူ သောင်းနဲ့ချီ ရှိသလို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခံရလို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စု ပျက်စီးသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့မှာ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင်သေးဘဲ စစ်အုပ်စု စာသင်ကျောင်း တက်ရောက်လိုတဲ့ တကောင်းမြို့က ကလေးငယ်တွေ အနေနဲ့လည်း Placement Text စစ်ဆေးဖြေဆိုဖို့အတွက် မိဘနှစ်ဦးပါ လိုက်ပါကာ သပိတ်ကျင်းမြို့မှာ တစ်ပတ်ခန့် နေထိုင် ဖြေဆိုရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် မသွားနိုင်တဲ့ ကျောင်းသားမိဘ အတော်များများ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း တွင်းငယ်၊ ၄မိုင်၊ ကျောက်လှည်းဘီး၊ ချောင်းကြီး အပါအဝင် ကျေးရွာ ငါးရွာ လောက်က စာသင်ကျောင်းတွေကိုတော့ စစ်အုပ်စုက အကြိမ်ကြိမ် ဗုံးကြဲဖျက်ဆီး ထားတာကြောင့် စာသင်ကျောင်းပင် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ကျင်းနယ်ရှိ စစ်အုပ်စု ဗုံးကြဲဖျက်ဆီးထားတဲ့ စာသင်ကျောင်းတွေကို မေလဆန်းက စပြီး စစ်အုပ်စုက ရပ်ရွာဒေသခံတွေကို အတင်းအဓမ္မဆင့်ခေါကာ သန့်ရှင်းရေး လုပ်ခိုင်းထားပြီး လက်ရှိမှာ ကျောင်းအပ်လက်ခံတာနဲ့ ကျောင်းစဖွင့်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးနဲ့ မတ္တရာမြို့နယ်မှာလည်း သပိတ်ကျင်းလိုပဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ မန္တလေးဘက် စစ်ဘေးရှောင်နေတဲ့ Non CDM တွေကို စစ်အုပ်စုက ခြိမ်းခြောက် အကြပ်ကိုင်ကာ သပိတ်ကျင်းနယ်ထဲ ပြန်ပို့စဉ်/Photo – စစ်အုပ်စု၊ ဒေသခံ

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#MFP #အညာ #မန္တလေး #သပိတ်ကျင်းNonCDM

Related Articles

Back to top button