
သေဆုံးသူတွေထဲ တပ်ရင်းမှူး ဗိုလ်မှူးအဆင့်တစ်ယောက် ပါဝင်ပြီး ဒဏ်ရာရသူတွေထဲ သူရဘွဲ့ရ ဗိုလ်မှူးချုပ်အဆင့် အပါအဝင် ဗိုလ်မှူးချုပ်အဆင့် နှစ်ယောက် ပါဝင်ဟု PDF စစ်ရုံးချုပ် ထုတ်ပြန်၊
ထင်လင်း/ MFP၊ ဇွန် – ၁၄
မန္တလေးတိုင်း စစ်ဆင်ရေး နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ တစ်လကျော်အတွင်း ပြောက်ကျားတိုက်ပွဲ အပါအဝင် အာဏာသိမ်း စစ်အုပ်စုကို ၁၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူး ဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်အုပ်စု ၁၈ ယောက် သေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က သတင်း ထုတ်ပြန်ပါတယ်။
၂၀၂၆ မေလနဲ့ ဇွန်လပထမပတ်အထိ တစ်လကျော်အတွင်း မန္တလေးတိုင်းစစ်ဌာန စစ်ဆင်ရေး နယ်မြေအတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်အုပ်စု ၁၈ ယောက် သေကာ ခြောက်ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ပြောက်ကျားတိုက်ပွဲတွေသာမက စစ်အုပ်စု ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး အဲ့ဒီ တိုက်ခိုက်မှုတွေ အတွင်း သပိတ်ကျင်းမြို့နယ်ရှိ တတက ၁၃ ခေါ် အမှတ်(၁၃) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းက ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အဆင့် အောင်နိုင်ဦး ဒဏ်ရာရခဲ့တယ်လို့ PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
PDF တွေ တိုက်ခိုက်လို့ ဒဏ်ရာရတဲ့ စစ်အုပ်စုရဲ့ တတက ၁၃ ကျောင်းအုပ်ကြီးကို သပိတ်ကျင်းမြို့နယ်၊ ၇မိုင်ကျေးရွာအနီးမှာရှိတဲ့ ကြာအင်း ဆေးရုံကနေတဆင့် ပြင်ဦးလွင်စစ်ဆေးရုံကို ပို့လိုက်ရတယ်လို့ ဒေသတွင်းမှာရှိတဲ့ MFP ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ကြားတာတော့ ၁၃ ကျောင်းအုပ်ကြီးက ပြင်ဦးလွင် စစ်ဆေးရုံပို့ပြီး ခြေထောက်ဖြတ်လိုက်ရတယ်“ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စု စစ်ကြောင်းတွေကိုလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ အမှတ်(၄) လေကြောင်းချီ တပ်မဟာ ကွပ်ကဲမှုဌာနချုပ် တပ်မဟာမှူး၊ သူရဘွဲ့ရ ဗိုလ်မှူးချုပ်အဆင့် သူရဝဏ္ဏလွင် ဒဏ်ရာရခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။
ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် နေရာကို အစားထိုး ဝင်ရောက်တာဝန်ယူတဲ့ ဒုတပ်မဟာမှူးနဲ့ ဒရုန်းတပ်ဖွဲ့ကို တော်လှန်ရေး တပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာမှာလည်း ဒုတပ်မဟာမှူး ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းက ရှေ့တန်းစစ်ဆင်ရေးမှာ ဦးဆောင်နေတဲ့ စစ်အုပ်စု အမှတ် ၄ ခြေလျင်တပ်ရင်း (ခလရ-၄)ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးအဆင့် နေအောင်ထွန်း နဲ့ တပ်ကြပ်အဆင့် အောင်ဇော်ဇော်တို့ကိုလည်း မန္တလေးတိုင်းအတွင်း နေရာတစ်ခုမှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ PDF က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြင်းခြံခရိုင်အတွင်း ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့လည်း ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာတော့ စစ်အုပ်စုရဲ့လက်နက်ခဲယမ်းတင် မော်တော်ယာဉ်နှစ်စီး ပေါက်ကွဲမီးလောင်ခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ဦး သေဆုံးသလို ဒဏ်ရာရသူတွေလည်း များပြားခဲ့တယ်လို့ ဆိုထားပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ရှိ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေ၊ မြင်းခြံခရိုင်ရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်နယ်တွေရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်စိုးမိုးထားတဲ့ နယ်မြေတွေ ပြန်လည် ရရှိရေး အာဏာသိမ်း စစ်အုပ်စုက ၂၀၂၅ နှစ်လယ်ပိုင်းက စတင်ကာ တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ တန်ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ထိုးစစ်ကြောင့် တော်လှန်ရေးတပ်တွေ အနေနဲ့ သိမ်းပိုက်နယ်မြေတွေကို ပြန်လည် လက်လွှတ်ခဲ့ရကာ ပြောက်ကျားနည်းနဲ့ တုန့်ပြန်ခုခံနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး တန်ပြန်ထိုးစစ်ဆင်ရာမှာ မြေပြင်စစ်ကြောင်းမရောက်မီ မြို့၊ရွာတွေကို ဗုံးပတ်ကြဲသတ်ဖြတ်သလို မြေပြင်စစ်ကြောင်း ပြန်လည် ဝင်ရောက်နိုင်တဲ့ မြို့၊ရွာတွေတိုင်းမှာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ထင်တိုင်းကျဲ ကျုးလွန်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေ #PDF #အညာ



