
MN/MFP ၊ ဇွန် – ၁၄
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုက ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာတွေကို လေးရက်ကြာ စီးနင်းလုယက် ပြီး မီးရှို့ဖျက်ဆီးတာကြောင့် ဆင်မြေရွာရှိ ရှေးဟောင်းနှီးဘုရား ရုပ်ပွားတော်ကြီး အပါအဝင် အိမ်ခြေ ၂၃၀ ကျော် မီးလောင်ပြာကျ ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးမြို့နယ် တောင်ခြမ်းနဲ့အရှေ့ခြမ်း၊ မုံရွာ – ချောင်းဦး – ရေစကြို ကားလမ်းတလျှောက် စစ်အုပ်စုက အဖွဲ့တွေခွဲကာ မေလ ၃၁ ရက်ကနေ ဇွန် ၁၂ ရက်ထိ ၁၀ ရက်ကျော်ကြာ စစ်ကြောင်း ထိုးပြီးနောက် ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။
ချောင်းဦးနယ် တောင်ခြမ်းကို အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာတွေကို ဇွန် ၉ ရက်မှာ စတင်စီးနင်းပြီးနောက် နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီကာမှ မီးတင်ရှို့ဖျက်ဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။
ဆင်မြေကျေးရွာကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုဟာ ဒေသခံပြည်သူတွေ ကိုးကွယ်တဲ့ မဟာလာဘမုနိ ချမ်းသာကြီးမြတ်စွာဘုရား – ရှေးဟောင်းနှီးဘုရား ရုပ်ပွားတော်မြတ်ကြီး အပါအဝင် သာသနိက အဆောက်အဦးတွေပါ မီးတင်ရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ဆင်မြေရွာမှာ အိမ်ခြေ ၁၈၀၊ ငါးလုံးတင်ရွာမှာ အိမ်ခြေ ၂၇ လုံး၊ မှန်ချိုရွာမှာ အိမ်ခြေ ၂၈ လုံး၊ စုစုပေါင်း အိမ်ခြေ ၂၃၅ လုံး မီးလောင်ပြာကျခဲ့ပြီး မီးဘေးသင့်သူနဲ့ စစ်ရှောင် ပြည်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“လတ်တလောမှာတော့ မီးဘေးသင့် အိမ်ထောင်စုတွေက စစ်ဘေးရှောင် စခန်းတွေမှာပဲ နေကြရတုန်းပါ။ မီးလောင်ပြင် ရှင်းလင်းရေးကလည်း မပြီးသေးဘူး။ ပြီးရင်တောင်မှ ယာယီတဲအိမ်တွေ ဆောက်ပြီးမှ နေလို့ရမှာ။ အဲဒါကြောင့် ကာလအတန်ကြာ စစ်ရှောင်စခန်း တစ်ခုခုမှာပဲ နေကြရဦးမှာ။ စစ်ရှောင်စခန်း ဆိုတော့ နေရထိုင်ရတာ ကျဉ်းကြပ်တာ၊ ရာသီဥတုဒဏ် မလုံခြုံတာတွေ ရှိတယ်။ နောက်ပြီးတော့ ဆင်းရဲသား လက်လုပ်လက်စားတွေ အတွက်ကြတော့ ပြန်လည်ထူထောင်ရေးနဲ့ စားဝတ်နေရေး အခက်အခဲ ရှိနေတယ်။ အဲဒီတော့ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ သူတို့ ပြန်လည်ထူထောင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းတွေ ငွေကြေးပေါ့ အဓိက လိုအပ်နေပါတယ်”

စစ်အုပ်စုဟာ ချောင်းဦးမြို့နယ် ကျေးရွာတွေကို မီးမရှို့ခင် နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူကာ စစ်ငားတွေနဲ့တင်ပြီး သယ်ထုတ်သွားတာကြောင့် မီးမလောင်တဲ့ အိမ်တွေလည်း ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။
“တန်ဖိုးကြီးပြီးတော့ သယ်လို့ရသမျှပစ္စည်း အကုန်သယ်တာ။ မီးဘေးမသင့်တဲ့ အိမ်အများစုကလည်း အထိနာ ကြတယ်” လို့ သူက ဆိုပါတယ်။


ငါးလုံးတင်၊ ဆင်မြေနဲ့ မှန်ချို ကျေးရွာတွေဟာ ချောင်းဦး-ရေစကြို ကားလမ်းဘေးမှာ တဆက်တည်း တည်ရှိတဲ့ ကျေးရွာတွေ ဖြစ်ပြီး ဆင်မြေရွာက အိမ်ခြေ ၅၀၀ ဝန်းကျင်၊ ငါးလုံးတင်ရွာက အိမ်ခြေ ၇၀၀ ကျော်နဲ့ မှန်ချိုရွာကတော့ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ကျေးရွာအုပ်စုကြီး ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ ရွာတွေကို စစ်ကြောင်းထိုးချိန် ဒေသခံပြည်သူတချို့ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုရွာ အပါအဝင် မုံရွာ – ချောင်းဦး – ရေစကြို ကားလမ်းဘေးရှိ ငါးယှန်၊ နတ်ရေကန်၊ ဘလွေ၊ ကျောက်ဆစ်ကန်၊ ရွာတော်လေး၊ မထိသာ၊ ထူးနီ၊ မင်းခေါင်၊ မင်းတည်၊ မကျီးခွ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရတာ ၁၀ရက်ကျော် ကြာပြီ ဖြစ်ပါတယ်။
ချောင်းဦးနယ်ထဲ ဘုရားစေတီတွေ အပါအဝင် ရွာမီးရှို့၊ လူသတ်၊ လုယက် ခဲ့တာနဲ့ ပတ်သက်ပြီး ချောင်းဦးနယ်၊ ချောင်းဦး – ရေစကြို ကားလမ်းတလျှောက် PDF တွေ ရှိလို့ စစ်ကြောင်း ထိုးတာ ဖြစ်ပြီး PDF စခန်းတချို့ သိမ်းပိုက် နိုင်ခဲ့တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်း ဖြန့်ပါတယ်။

မုံရွာ ချောင်းဦးနယ် ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုရွာတွေရှိ ဘုရားစေတီ၊ သာသနိက အဆောက်အအုံနဲ့ နေအိမ်တွေကို အာဏာသိမ်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ချောင်းဦး #မီးရှို့ #ဆင်မြေရွာ



