
ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ရက် ၅၀ ကျော် ရှိပြီး စားသောက်နေထိုင်ရေး ခက်ခဲ၊
သုထက်/MFP၊ ဇွန် – ၁၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး သောင်ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သင်္ကြန်အပြီး ဧပြီလက စတင်ကာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ စစ်အုပ်စုနဲ့ ကနီမြို့ထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုတို့ နှစ်ဖက်ညှပ်ကာ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ကာ ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပေါ် ခြေမချနိုင်ဘဲ ယခုနှစ်မှာ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချကာ အင်အား အများအပြားနဲ့ နှစ်နှစ်ကျော်ကြာ ခြေမချနိုင်တဲ့ ကနီနယ်ထဲ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၃ရက်က ကနီနယ်၊ ယာကြီး – ကလေးဝ လမ်းပိုင်းရှိ ၃၂ မိုင်ကို စစ်အုပ်စု စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်း လုယက် မီးရှို့ပြီးနောက် ကနီမြို့နယ် သင့်ကန်ရွာကို ဆက်လက်စီးနင်းနေတယ်လို့ ဒေသခံ စစ်ရှောင် အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်ကြောင်းက ကနီနယ်ထဲ ထိုးရင်း ယင်းမာပင်နယ် ဝင်းကုန်းရွာကို ဝင်မွှေတယ်၊ အဲ့ဒီကအပြန် ကနီနယ်ထဲ ပြန်လာပြီး မီးရှို့တော့တာ၊ လတ်တလော စစ်ကြောင်းရှိလို့ မီးလောင်အိမ် အရေအတွက်တော့ မသိရသေးဘူး”


စစ်အုပ်စုဟာ ဇွန် ၉ ရက်က ကနီနယ်၊ ချောင်းမရွာကတဆင့် ယာကြီး – ကလေးဝ လမ်းအတိုင်း နွားလှည်း ခုနှစ်စီးနဲ့ စစ်ကြောင်းထိုးခဲ့ပြီး အောင်မင်္ဂလာရွာကို စီးနင်းလုယက် ညအိပ်တပ်စွဲကာ ကားလမ်းတလျှောက် ကျေးရွာတွေကို စီးနင်းလုယက်၊ စစ်ကြောင်း ဆက်ထိုးနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လှည်း ခုနှစ်စီးနဲ့အတူ ပြည်သူပိုင် ပဲ၊ ဆန်၊ ဆီ၊ တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူနေတာ ဖြစ်တယ်လို့ ကိုယ်တိုင်စစ်ဘေးရှောင်နေရသူ အထက်ပါ အမျိုးသားက ပြောပါတယ်။
“စစ်ကြောင်းထိုးတာ နှစ်လ ကျော်ပြီ။ စစ်ကောင်စီက ရိက္ခာ မရှားဘူး၊ ပြည်သူ့ပိုင်တွေ ခိုးယူ ချက်ပြုတ်၊ ပိုတာတွေ နမခ ပို့နေတာ နှစ်ခါတောင် ရှိနေပြီ”

ကနီနယ်၊ ယာကြီး – ကလေးဝ ကားလမ်းတလျှောက် နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ချောင်းမရွာမှာ အထိုင်ချပြီး ခိုးရာပါပစ္စည်း စုရပ်အဖြစ် ထားကာ စစ်ကြောင်းနှစ်ခုဟာလည်း ခိုးရာပါ ပစ္စည်းတွေ လာပို့လိုက်၊ ပြန်ထွက်ပြီး စစ်ကြောင်းထိုး ခိုးယူလိုက်နဲ့ လုပ်နေတာလို့ ဆိုပါတယ်။ ခိုးရာပါ ပစ္စည်းတွေကိုတော့ နမခ နဲ့ ကနီမြို့ဆီ စစ်ကားတွေနဲ့ သယ်ပို့ကာ အပြန်မှာ စစ်သားသစ်တွေ ထပ်တိုး အားဖြည့်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကနီနယ်က ပြည်သူပိုင်ပစ္စည်းတွေကို ဘန့်ဘွေးပျူရွာ (ယင်းမာပင်နယ်) ပြန်ပို့တယ်၊ နမခက ကား ကြီးတွေ နဲ့ လာသယ်ရင်း စစ်သားအင်အားပါ ပို့ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ရက် ၅၀ အတွင်း ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီး သတ်ဖြတ် စွန့်ပစ်ခဲ့ကာ ကျေးရွာ ၁၀ ရွာထက်မနည်းကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး အနည်းဆုံး ရွာ ၂၀ ကို ဖောက်ထွင်းခိုးယူ လုယက်ခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ကနီနယ် ကျေးရွာ ၃၀ ကျော်က ပြည်သူ ၂၅,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
သောင်းချီတဲ့ ပြည်သူတွေဟာ ကျေးရွာတွေအတွင်း မနေဝံ့ဘဲ တောတိုက်တွေမှာ ခိုလှုံနေရပြီး စားသောက်၊နေထိုင်ရေး ခက်ခဲနေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။
“တကယ်ကို ဒုက္ခရောက်နေကြတယ်။ တချို့ကျတော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ (ထွက်ပြေး လာကြရတော့) စားရေးသောက်တာ ဒုက္ခရောက်ကြတယ်။ ဆန်၊ဆီ၊ဆား စားနပ်ရိက္ခာ ပြတ်နေကြတယ်” လို့ စစ်ဘေးရှောင်နေရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကနီနယ်၊ မုံရွာ – ယာကြီး – ကလေး၀ – တမူး ကားလမ်းပိုင်းဟာ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ လမ်းပိုင်းဖြစ်သလို အာရှအဝေးပြေးလမ်းမကြီး (AH1) ရဲ့ အစိတ်အပိုင်းဖြစ်ကာ အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ ချစ်ကြည်ရေးလမ်းရဲ့ လမ်းပိုင်းဖြစ်တာကြောင့် ကားလမ်းကို ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက အင်အားသုံး စစ်ကြောင်းထိုးနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်ထဲရှိ ပုလဲ – ဂန့်ဂေါ ကားလမ်းကိုလည်း ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ရေး ကြိုးစားနေပြီး မတ်လကစလို့ ယင်းမာပင်နဲ့ ပုလဲနယ်ထဲကိုလည်း အင်အားသုံး စစ်ကြောင်းထိုးကာ ရွာမီးရှို့တာ၊ လူသတ်တာ၊ လုယက်တာ၊ ဖောက်ထွင်းခိုးယူတာ၊ ဗုံးကြဲတာတွေ ကျူးလွန်နေပါတယ်။

ကနီနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ ဖောက်ထွင်းခိုးယူ၊ လူသတ်၊ မီးရှို့နေတဲ့ စစ်အုပ်စု/ Photo – သုထက်၊ Pyae Aung Naing
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ



