ဒေါ်အောင်ဆန်းဆုကြည် မွေးနေ့အကြို လမ်းလျောက်သပိတ်ပြုလုပ်ကာ လူထုကိုလှုံ့ဆော်၊

သုထက်/MFP၊ ဇွန် – ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တဖက်ကမ်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသခံ သပိတ်အင်အားစုတွေ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အကြို လမ်းလျှောက်သပိတ်နဲ့ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ကာ ပြည်သူလူထုကိုလည်း သပိတ်လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ဖို့ လှုံ့ဆော် တိုက်တွန်းခဲ့တယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက MFP ကို ပြောပါတယ်။
ဇွန် ၁၇ရက်က ပြုလုပ်ခဲ့တဲ့ လမ်းလျှောက်သပိတ်နဲ့ နှင်းဆီလှုပ်ရှားမှုကို ကိုးမိုင် အကွားအဝေးရှိတဲ့ ကျေးရွာ ကိုးရွာကို ခြေလှမ်းပေါင်း ၂၇၀၀၀ ခန့် ချီတက်လမ်းလျှောက်ခဲ့ပြီး ဇွန် ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ပေးကြဖို့ ပြည်သူလူထုကို တိုက်တွန်း နှိုးဆော်ခဲ့ကြတာလို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။
“အမေစုက ၈၁ နှစ်လေ၊ ဒါကြောင့် ၈+၁=၉ ဆိုတဲ့အဓိပ္ပါယ်နဲ့ ကျေးရွာ ကိုးရွာကို လှည့်ပတ်ပြီး နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တာ”
သပိတ်ချီတက်ရာမှာ နှင်းဆီပန်း ကိုးပွင့်ကို လက်မှာ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံပါ တူညီအင်္ကျီတွေ ဝတ်ဆင်ကာ ချီတက်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ လိုက်လံလှုံ့ဆော်တဲ့ သပိတ်အဖွဲ့ဝင်တွေကို ကျေးရွာလူထုက မုန့်၊ရေ၊ကော်ဖီတွေ တိုက်ကာ ပူးပေါင်းခဲ့ကြတယ်လို့ သပိတ်မှာ ပါဝင်သူတွေက ပြောပါတယ်။
ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို လှုပ်ရှားမှုအဖြစ် နှင်းဆီဝတ်မှုံ ကဗျာရွတ်ပွဲလည်း ကျင်းပခဲ့ပြီး လူထုခေါင်းဆောင်အတွက် ရေးစပ်ထားတဲ့ ကဗျာတွေနဲ့ တော်လှန်ကဗျာတွေ ရွတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းစဉ် အချိန်ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ အမှုဆင်ထောင်ချထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်၊ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ အပါအဝင် ပြည်သူအများအပြားက တောင်းဆိုတဲ့ Proof of life လှုပ်ရှားမှုကိုလည်း မြန်မာနိုင်ငံသာမက ကမ္ဘာတဝန်း ပြုလုပ်နေကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ဖို့ ယင်းမာပင်နယ်ထဲ လမ်းလျှောက်လှုံးဆော်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ/Photo – သုထက်/MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #နှင်းဆီပန်း



