မင်းတပ်ကို စစ်အုပ်စုက တင့်ကားအပါအဝင် လူ၊လက်နက်အင်အား အများအပြား စစ်ကူပို့၊မင်းတပ်မြို့နဲ့ အနီးဝန်းကျင်ကို နေ့စဉ်ရက်ဆက် ဗုံးကြဲနေ၊

ဒံယေလ/MFP၊ဇွန်-၁၈
ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတပ်တွေအကြား နှစ်ပတ်ကျော်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်မြို့ကို စစ်အုပ်စုက တင့်ကားအပါအဝင် လူ၊လက်နက်အင်အား အများအပြား စစ်ကူပို့နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
မကွေးတိုင်း ၊ကျောက်ထုမြို့နယ်ကနေ မင်းတပ်မြို့ကို စစ်ကူပို့ပေးနေတာဖြစ်ပြီး တင့်ကားတစ်စီးအပါအဝင် လက်နက်ခဲယမ်းနဲ့ လူအင်အားအပြည့် တင်ဆောင်လာတဲ့ စစ်ကားခုနှစ်စီးကျော် ပါဝင်တယ်လို့ ဆိုပါတယ်။



အဲဒီလို လူနဲ့လက်နက်အင်အားတွေ ပို့ဆောင်ရာမှာ စစ်အုပ်စုက လမ်းတလျှောက် လက်နက်ကြီးနဲ့ ပစ်ကူပေးတာနဲ့ လေကြောင်းဗုံးကြဲတာတွေကို အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army – CPA) တပ်ဖွဲ့ဝင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးနဲ့ကူပစ်တာလည်းရှိတယ်။လေကြောင်းကဗုံးကြဲတာလည်း ရှိတယ်။အဲ့လိုလုပ်ပြီး စစ်ကူလာပို့တာ ။အမြှောက်တွေ တင်လာတယ်သိရတယ်။ ကင်းထောက်ဒရုန်းတွေနဲ့လည်း သူတို့ထောက်လှမ်းတာရှိတယ်။ အဲ့လိုလုပ်ပြီး စစ်ကြောင်းထိုးလာတာ “လို့ သူကပြောပါတယ်။
နှစ်ပတ်ကျော် တိုက်ပွဲဖြစ်ပွားတဲ့ မင်းတပ်မြို့နယ်အတွင်းမှာ စစ်အုပ်စုဘက်က သေဆုံးသူ အများအပြား ရှိနေပြီး စစ်အုပ်စုက မင်းတပ်မြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကို ဗုံးအလုံးရေ အမြောက်အများနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာပါ။
ဒီလိုဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့နယ်အတွင်းက နေအိမ်အလုံးပေါင်း (၂၀)ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး၊ ဒေသခံ (၁၇၀၀၀) ဝန်းကျင်ကလည်း အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ မင်းတပ်မြို့နယ် စစ်ရှောင်စခန်းတွေ စီမံခန့်ခွဲရေး ကော်မတီ ( Mindat Township IDPs Camp Management Committee)ရဲ့ တာဝန်ခံ Lawrence Yaw Kee က ပြောပါတယ်။
“မိုးကဆက်တိုက်ကို ရွာနေတာ။မိုးတွင်းကာလမှာ အမြဲတမ်း ဘယ်လိုပဲပြင်ဆင်ပြင်ဆင် ကြုံတွေ့နေရတာက အစားအသောက်တွေ ဆန်တွေ ပဲတွေ စိုထိုင်းပြီး မှိုတက်လွယ်တယ်။ နွေရာသီမှာ စုဆောင်းထားတဲ့ ပဲနဲ့ ဆန်တွေကလည်း လွယ်လင့်တကူ ပျက်လွယ်တယ်ဗျ။ ဆိုတော့ မိုးတွင်းကာလမှာ အောက်ပြည်အောက်ရွာမှာလို အသီးအရွက်တွေ ဝယ်ခြမ်းလို့ မရဘူး။ ဈေးလည်းမရှိဘူး။ ကိုယ့်ဘာသာကိုယ် စိုက်ပျိုးစားသောက်နေရတာ။ ဝဥကိုပဲ အဓိကထား စားနေရတယ် ” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာ ချင်းပြည်တောင်ပိုင်း ၊ မင်းတပ်၊ကန်ပက်လက် ၊မတူပီနဲ့ ပလက်ဝမြို့တွေကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး ပြီးခဲ့တဲ့ မေလ (၂၈) ရက်နေ့မှာ ပလက်ဝမြို့နယ်က ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို၊ မေ (၁၃) ရက်နေ့ကလည်း မတူပီမြို့က မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။
မင်းတပ်မြို့နယ်အတွင်းမှာ ၂၀၂၁ ဇန်နဝါရီလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ လေးနှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ မိုင်းစထိမှန်လို့သေဆုံးသူတွေ အပါအဝင် အာဟာရချို့တဲ့လို့ သေဆုံးသူ၊ ကူးစက်ရောဂါကြောင့်သေဆုံးသူ၊ မီးဖွားနေစဉ်အတွင်းသေဆုံးသူ၊မွေးကင်းစကလေးငယ်နဲ့ နာတာရှည်ရောဂါသည်တွေ အပါအဝင် သေဆုံးသူ စုစုပေါင်း (၇၆၆)ဦးရှိခဲ့တယ်လို့ Mindat Township IDPs Camp Management Committee က ဇွန် (၂) ရက် ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုတပ်တွေဟာ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံမြို့တွေကို ပြန်လည်ထိန်းချုပ်ထားပြီးနောက် နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိဒ်မြို့ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ၊ချင်းပြည်နယ်တောင်ပိုင်းမှာလည်း ရခိုင်-မကွေး-ချင်း ကုန်သွယ်ရေးလမ်းမကြီးတည်ရှိရာ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ဦးတည် စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ချင်းပြည်နယ်အတွင်းမှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ကျန်တဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလ၊တွန်းဇံမြို့တွေကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ ဇွန်လအတွင်း စစ်အုပ်စု ဗုံးကြဲလို့ ပျက်စီးသွားတဲ့ ပြည်သူ့နေအိမ်တွေနဲ့ စစ်အုပ်စုရဲ့ စစ်ကူယာဉ်တချို့/ ဓာတ်ပုံ- မင်းတပ်ဒေသခံ



