လူမှုကွန်ရက်ကို အချိန်ပြည့်စောင့်ကြည့်ပြီး ပြည်သူနှစ်သောင်းကျော်ကို ဖမ်းဆီးခဲ့ကြောင်း စစ်အုပ်စု ပြော

Phoenix/MFP ၊ ဇွန် – ၁၉
လူမှုကွန်ရက်(Social Media)ကို အချိန်ပြည့်စောင့်ကြည့်နေပြီး ပြည်သူနှစ်သောင်းကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောခဲ့ပါတယ်။
ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့လွှတ်တော်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် မေလအထိ နှစ်နှစ်ကျော်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂ ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က တို့ တပ်ပြီး လူမှုကွန်ရက်သုံးစွဲသူ ပြည်သူပေါင်းနှစ်သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုဝန်ကြီးက ပြောပါတယ်။
စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်ကို ဆက်တိုက်စောင့်ကြည့်ခဲ့ပြီး လူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ခဲ့တာပါ။
မကြာသေးခင်ကပဲ မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးနဲ့ပတ်သက်လို့ သတင်းပို့စ်တစ်ခုအောက်မှာ မှတ်ချက်(Comment)ဝင်ရေးမိတဲ့ ပဲခူးမြို့က အသက် ၆၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖမ်းဆီးခံခဲ့ရသလို စစ်ခေါင်းဆောင်အကြောင်း အမွှန်းတင်ရေးသားထားတဲ့ “လရောင်အောက်က ကုမုဒြာ” သီချင်းအပေါ် လူမှုကွန်ရက်မှာ ဝေဖန်ရေးသားမိတဲ့ တောင်ကြီးမြို့က အမျိုးသမီးတစ်ဦးဟာလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး စောင့်ကြည့်တဲ့အဖွဲ့ Freedom House ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အနိမ့်ဆုံးဆိုတဲ့ နိုင်ငံတွေစာရင်းထဲ ဝင်နေပါတယ်။
အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံနဲ့အတူ ပူးတွဲရပ်တည်နေပြီး၊ ရမှတ် ၁၀၀ မှာ ၉ မှတ်ပဲ ရရှိကာ “လွတ်လပ်မှုမရှိတဲ့နိုင်ငံ (Not Free)” အဖြစ် သတ်မှတ်ခံထားရတာပါ။
ဒါ့အပြင် စစ်အုပ်စုရဲ့ VPN ပိတ်ဆို့မှုနဲ့ အွန်လိုင်းစောင့်ကြည့်ရေးတွေကြောင့် မြန်မာနိုင်ငံဟာ “အဆင့်မြင့်ဒစ်ဂျစ်တယ်ဖိနှိပ်မှု” အဆင့်ကို ရောက်နေပြီလို့ ဆိုထားပါတယ်။
ဓာတ်ပုံ – စစ်အုပ်စုလွှတ်တော်/ ပုံစာ- ဒုဝန်ကြီး မင်းသူ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



